ပခုက္ကူက အထူးကု ဆရာဝန်တွေ ဖမ်းဝရမ်းထုတ်ခံရပြီးနောက် ဧရာဝတီ အနောက်ဘက်ခြမ်းက ပြည်သူတွေ ကျန်းမာစောင့်ရှောက်မှု အခက်ခဲရှိနေ

ဧပြီ ၁၆ ၊ ၂၀၂၁

KTG (VOM)

 

မကွေးတိုင်း ပခုက္ကူမြို့က အထူးကု ဆရာဝန်တွေ ဖမ်းဝရမ်း ထုတ်ခံရပြီး ထွက်ပြေးတိမ်းရှောင်နေတာကြောင့် ဧရာဝတီမြစ် အနောက်ဘက်ခြမ်းနဲ့ ချင်းတောင်ခြေ အကြားက ဒေသခံ ပြည်သူတချို့ဟာ ကျန်းမာရေးစောင့်ရှောက်မှု ရရှိဖို့အတွက် အခက်တွေ့နေရတယ်လို့ အဲ့ဒီဒေသမှာရှိတဲ့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

 

” ပခုက္ကူမှာ ပြည်သူ့ဆေးရုံကြီး နဲ့ ပုဂ္ဂလိက အထူးကု ဆေးရုံ ၂ ရုံ ၊ ဆေးခန်း ၂၀ ကျော်ရှိတယ်၊ အထူးကု ဆရာဝန် ၉ ယောက်ရှိတဲ့အနက် ၆ ယောက်က ဖမ်းဝရမ်းထုတ်ခံရပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတော့ အရေးပေါ် လူနာတွေကို မုံရွာ ကုတင် ၃၀၀ စစ်ဆေးရုံနဲ့ ငွေကြေးတတ်နိုင်သူ အနည်းစုက မန္တလေးဆေးရုံးကို သွားပြကြရတယ်၊ ငွေကြေး မပြည့်စုံတဲ့ လူနာတွေအတွက် အခက်တွေ့နေရတာပါ ” လို့ ပခုက္ကူဒေသခံ တစ်ယောက်က ပြောပါတယ်။

 

မကွေးတိုင်း ပခုက္ကူမြို့ပေါ်က အထူးကု ပုဂ္ဂလိက ဆေးရုံတွေနဲ့ ဆေးခန်းတွေကို ဧရာဝတီမြစ်ရဲ့ အနောက်ဖက်ခြမ်းနဲ့ ချင်းတောင်အကြားမှာရှိတဲ့ ဆော ၊ ကျောက်ထု၊ ပေါက်၊ ထီးလင်း ၊ ရေပြာ ၊ ဆိပ်ဖြူ ၊ ကမ္မ ၊ မြစ်ခြေ ၊ ရေစကြို ၊ မြိုင် စတဲ့ မြို့နဲ့ မြို့နယ်ခွဲက ဒေသခံ ပြည်သူတွေအပြင် ဧရာဝတီ တဘက်ကမ်းဖြစ်တဲ့ ပုဂံ ၊ ညောင်ဦးဘက်က ဒေသခံ ပြည်သူတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် အဓိက အားထားရာ နေရာဖြစ်တယ်လို့ သိရပါတယ်။

 

” ပြီးခဲ့တဲ့ ၂ လတုန်းက ဆရာဝန်တွေ CDM လုပ်တယ်ဆိုပေမယ့် ပုံမှန် ကျောက်ကပ်ဆေးနေရတဲ့ လူနာတွေအဖို့ အခက်အခဲမရှိဘူး ၊ အခု ဆရာဝန်တွေကို ဖမ်းဝရမ်းလည်းထုတ်ရော ထွက်ပြေးကုန်ကြလို့ အခါတိုင်း ပခုက္ကူမှာတင် ပြလို့ရတဲ့ လူနာကို အခု မုံရွာနဲ့ မန္တလေးအထိ သွားပြနေရတယ် ” လို့ ပေါက်မြို့က ကျောက်ကပ် ဝေဒနါရှင် တစ်ယောက်ရဲ့ မိသားစုဝင် တစ်ဦးက VOM ကိုပြောပါတယ်။

 

ပခုက္ကူမြို့က ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ ဆေးရုံ ဆေးခန်းတွေဟာ လမ်းပန်းဆက်သွယ်ရေး လက်လှမ်း မမီးတဲ့ ချင်းတောင်ခြေက ဒေသခံ ပြည်သူတွေအတွက်တော့ အဓိက အချက်အခြာ နေရာတခု ဖြစ်ပါတယ်။

 

ကျောက်ထုမြို့နယ်က ဒေသခံ ပြည်သူတစ်ယောက်က ” ဒီဘက်မှာ အများစုက အလုပ်ကြမ်းသမားတွေ ဖြစ်တယ် ၊ သစ်ခုတ် ၊ ဝါးခုတ် တောင်ယာအလုပ်ဆိုတော့ မကြာခဏဆိုသလို ထိခိုက်ဒဏ်ရာ ရကြတယ်၊ တခုခုဖြစ်လာပြီဆိုတာနဲ့ ပခုက္ကူဆေးရုံတွေကို သွားရတာ ” လို့ ပြောပါတယ်။

 

အဲ့ဒါကြောင့် ပခုက္ကူမြို့မှာ လစ်လပ်နေတဲ့ အထူးကု ဆရာဝန်တွေရဲ့ နေရာကို အမြန်ဆုံး ပြန်လည်အစားထိုးချပေးနိုင်ဖို့ အဲ့ဒီဒေသမှာရှိတဲ့ ပြည်သူတွေက မျှော်လင့်နေကြတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် မွေးကင်းစ နဲ့ အသက် ၃ နှစ်အောက် ကလေးသူငယ်တွေ ပုံမှန်ထိုးရတဲ့ ကာကွယ်ဆေးတွေ လာရောက်ထိုးနှံပေးတာ မရှိတဲ့အတွက် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်မယ့် ရောဂါ အနာဘာယအတွက် က​လေးမိခင်တွေက စိုးရိမ်မကင်း ဖြစ်နေရတယ်လို့ သူတို့ရဲ့ ပြောပြချက်အရ သိရပါတယ်။

 

#voiceofmyanmar #VOM #ပခုက္ကူ #ကျမ္မာရေးအခက်အခဲ

Related posts

Leave a Comment

VOM News

FREE
VIEW