ခင်ဦးနယ်မှာ ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူး ဦးခေါင်းဖြတ်ပြီး အသတ်ခံရ

ဇူလိုင် ၊ ၂၉ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ် ၊ စိုင်ကောင်းရွာနဲ့ မောင်းကျောက်တောရွာ အကြားလမ်းပေါ်မှာ ဇူလိုင် ၂၉ ဒီကနေ့ နေ့လယ်ပိုင်းက ဦးခေါင်းပြတ် ရုပ်အလောင်း ၁ လောင်း တွေ့ခဲ့ရတယ်လို့ ခင်ဦးဒေသခံတွေဆီက သိရပါတယ် ။

” နေ့ခင်း ၁ နာရီဝန်းကျင်က တွေ့ရတယ်လို့ သိရတယ် ၊ သေဆုံးနေသူဟာ ရွာစဥ်ရွာက ကိုဗိုလ်နိုင်ဖြစ်တယ်လို့ ကြားရတယ် ၊ သူက ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အကြိုကာလမှာ ပြည်ခိုင်ဖြိုး ရပ်ကျေးစည်းရုံးရေးမှူး လုပ်ခဲ့တာတော့ ရှိတယ် ” လို့ သေဆုံးသူရဲ့ မိတ်ဆွေတစ်ယောက်က ပြောပါတယ်။

အဲ့ဒီ လူသတ်မှုဖြစ်ပွားတဲ့နေရာကို လုံခြုံရေးအဖွဲ့တွေ သွားရောက် စစ်ဆေးနေဆဲဖြစ်တယ်လို့ ခင်ဦးမြို့နယ် ရဲတပ်ဖွဲ့ရုံး တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက ကနဦး ဖြေကြားထားပါတယ်။

ဒါ့အပြင် ဇူလိုင် ၂၈ မနေ့က ညနေပိုင်းမှာလည်း ခင်ဦးမြို့နယ် ကုန်းကြီးရွာနဲ့ ခြေမြစ်ရင်းရွာအကြား လမ်းပေါ်မှာ အသက် ၄၈ နှစ်အရွယ် ကုန်းကြီးရွာနေ ဦးမင်းမော်ဆိုသူဟာ သေနတ်နဲ့ ပစ်ခံရတဲ့အတွက် ကျည်ဆံဖောက်ဝင် ဒဏ်ရာရပြီး သေဆုံးခဲ့ပါတယ်။

ဒီလ (ဇူလိုင်)ဆန်းပိုင်းက စလို့ ရွှေဘိုခရိုင်ထဲက မြို့နယ်တိုင်းမှာ လူသတ်မှု မကြာခဏဖြစ်ပွားပြီး တန့်ဆည်မြို့နယ်က လူသတ်မှုဖြစ်စဥ် ၂ ခုမှာ သေဆုံးသူတွေက ဦးခေါင်းဖြတ် ဒဏ်ရာတွေနဲ့ သေဆုံးရတာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းတွင်းက မြို့နယ် ၃၇ မြို့နယ် ရှိပြီး ဒီ ဇူလိုင်လအတွင်း လူသတ်မှုအများဆုံးဖြစ်ပွားခဲ့တဲ့ မြို့နယ်စာရင်းမှာ ခင်းဦး ၊ မြောင် ၊ ပင်းမာပင် နဲ့ မုံရွာမြို့နယ်တွေ ပါဝင်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ခင်ဦး

Related posts

Leave a Comment

VOM News

FREE
VIEW