မန္တလေး ၃၅အေလမ်းပေါ်က မြတောင်ကျောင်းတိုက်ကို သက်ဆိုင်ရာက ဝင်ရောက်ရှာဖွေတာမှာ တွေ့ရှိခဲ့တာတွေနဲ့ပတ်သက်ပြီး န.စ.က သတင်းထုတ်ပြန်ရေးအဖွဲ့က ခုလို ထုတ်ပြန်တာတွေ့ရပါတယ်။

မန္တလေးမြို့၊ မြတောင်ဘုန်းကြီးကျောင်းအတွင်း ဖောက်ခွဲဖျက်ဆီးရေးတာဝန်ခံနှင့် ဖောက်ခွဲရေးပစ္စည်းများ ဖမ်းဆီးရမိသည့်သတင်း
၂ဝ၂၁ ဇူလိုင် ၂၉ ရက်
မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် ရပ်ရွာအေးချမ်းသာယာရေး နှင့် တရားဥပဒေစိုးမိုးမှု ပျက်ပြားစေရေးအတွက် ရပ်ရွာစီမံအုပ်ချုပ်ရေးအဖွဲ့များ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ စည်ပင်ဝန်ထမ်းများနှင့် လျှပ်စစ် ဝန်ထမ်းများအား နည်းမျိုးစုံ အသုံးပြု၍ တရားဥပဒေမဲ့ သတ်ဖြတ်နေသည့်အပြင် အစိုးရရုံးဌာနများ/ အများပြည်သူ အသုံးပြုသော လမ်းမကြီးများ/ ပြည်သူပိုင်ဈေးများ/ ဆေးရုံများ/ ကျောင်းများတွင် လက်ပစ်ဗုံး/ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲသည့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါသည်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့ ယနေ့တွင်လည်း မန္တလေးမြို့ အတွင်း ကြီးမားသောဖောက်ခွဲမှုအား ဆောင်ရွက်ရန် ကြံရွယ်ချက်ဖြင့် လက်ပစ်ဗုံးများ၊ လက်လုပ် မိုင်းများနှင့် TNT ယမ်းများအား ဖြန့်ဝေမည်ဖြစ်ကြောင်း နယ်မြေအတွင်း သတင်းများ ဖြစ်ပေါ်လျက်ရှိပါသည်။ အဆိုပါသတင်းအပေါ် အခြေခံ၍ မိမိလုံခြုံရေးတပ်ဖွဲ့ဝင်များသည် မန္တလေးမြို့ လမ်းဆုံလမ်းခွနေရာများ၊ ရပ်ကွက်များ၊ ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည့် နေရာများ တစ်ဝိုက်သို့ ဖြန့်ကျက်၍ သတင်းရရှိရေးဆောင်ရွက်ခဲ့ရာတွင် ဇူလိုင်လ ၂၉ ရက်နေ့ ၁၅၀၀ နာရီအချိန်ခန့်တွင် မသင်္ကာဖွယ်ရာဆက်စပ်သတင်းများ ရရှိသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးအဖွဲ့ဝင်များ ပါဝင်သော အဖွဲ့များသည် မန္တလေးမြို့၊ မဟာအောင်မြေ မြို့နယ်၃၅ လမ်း/ ၈၅ x ၈၆ လမ်းကြားရှိ မြတောင်ဘုန်းကြီးကျောင်းတိုက် တိုက်အုပ် ဆရာတော်ကြီးထံသို့ လျှောက်ထားခွင့်ပန်၍ ကျောင်းတိုက်ဝန်းအတွင်းရှိ အခြားသော ဘုန်းကြီးကျောင်းများထဲသို့ ဝင်ရောက်ရှာဖွေခဲ့ရာ ဖောက်ခွဲရေးတာဝန်ခံ နေလဝင်း(ခ) နို့ဆီဘူး ၃၇ နှစ် (ဘ) ဦးနေဝင်းအား ရှော့ခ်တိုက်လက်လုပ်မိုင်း ၁၄ လုံး၊ လက်လုပ်မိုင်း အကြီး ၄ တောင့်၊ လက်လုပ်မိုင်းအသေး ၄ တောင့်၊ မျက်မှန် ၆၈ လက်၊ ဓါတ်ငွေ့ ကာ ၇၆ ဗူး၊ ဦးထုပ်အစုံ ၂၄ လုံးဖော့ကာ ၃၃ ထုပ်စပီကာအသေး ၂ လုံးသံဒိုင်းကာ ၁ ခု၊ ကျည်ကာအင်္ကျီ ၁ ထည်၊ ကျောပိုးအိတ် ၂ လုံး၊ အဆိပ်ပုလင်းခွံ ၁၃ ခု နှင့် အတူ ဖမ်းဆီးရမိခဲ့ပါသည်။
အဆိုပါ ဖောက်ခွဲရေးတာဝန်ခံ နေလဝင်း(ခ) နို့ဆီဘူးအား လက်ခံထားသော ဆရာတော် ဦးဩဘာသကျောင်းအား ဆက်လက်ဖော်ထုတ်ရှာဖွေခဲ့ရာ Air Gun အတို ၁လက် ထပ်မံသိမ်းဆည်းရမိခဲ့ပြီး ဆက်လက်ရှာဖွေရာ ဒေါ်ပပ ၄၈ နှစ်(ဘ) ဦးညွန့်ဆွေမှ အပ်နှံထားသော ငွေကျပ် သိန်း ၂၅၀ နှင့် ကျောင်းတိုက်အောက်ထပ်အတွင်းမှ လက်လုပ် မိုင်းအကြီး ၁၄ လုံးအား ထပ်မံဖော်ထုတ်သိမ်းဆည်းရမိခဲ့ပါသည်။
သို့ဖြစ်၍ တရားမဝင်လက်နက်ခဲယမ်းများ ဥပဒေမဲ့ လက်ဝယ်ထားရှိခဲ့မှုနှင့် ပတ်သက်၍ တရားခံများအား ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပြီး ဆက်စပ်တရားခံများ ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Related posts

Leave a Comment

VOM News

FREE
VIEW