ကသာနယ် ရေနီရွာခွဲ အုပ်ချုပ်ရေးမှူး လမ်းမှာ အသတ်ခံရ

ဇူလိုင် ၃၁ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ကသာမြို့နယ် မိုးတားလေးကျေးရွာအုပ်စု ၊ ရေနီရွာခွဲ အုပ်ချုပ်ရေးမှူးဖြစ်သူဟာ ဒီမနက် (ဇူလိုင် ၃၁) ၁၁ နာရီဝန်းကျင်က သတ်ခံရတယ်လို့ မိုးတာလေးရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။
 
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ မိုးတာလေးရွာခံ တစ်ယောက်က ” ရေနီကနေ ရွှေပြည်သစ်ရွာဘက်ကိုအသွား လမ်းမှာ မျက်နှာဖုံးစွပ်ထားတဲ့ လူတွေက ရေနီ ရွာခွဲ အုပ်ချုပ်ရေးမှူး ဦးငြိမ်းဌေးကိုဖမ်းခေါ်သွားတာ ၊ ဟဲနားရွာတောင်ဘက် တောစပ်အရောက်နေရာမှာ အုပ်ကြီးကို သတ်ထားခဲ့တာ ” လို့ ပြောပါတယ် ။
 
သေဆုံးသူ ရေနီရွာခွဲ အုပ်ချုပ်ရေးမှူး ဦးငြိမ်းဌေး ဆိုသူဟာ မနေ့က ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ရေကြီးနစ်မြုပ် ပျက်စီးသွားတဲ့ ရွာကတံတားကို ပြုပြင်တည်ဆောက်ခဲ့တာနဲ့ ပတ်သက်လို့ ရွာထဲကို စစ်တပ်ဝင်ထွက် သွားလာလို့ရအောင် တံတားပြုပြင် တည်ဆောက်တာဆိုပြီး စွပ်စွဲခံထားရပြီး နောက်တနေ့ဖြစ်တဲ့ ဒီကနေ့မှာ အခုလို လုပ်ကြံသတ်ဖြတ်ခံရတာ ဖြစ်တယ်လို့ သေဆုံးသူရဲ အသိုက်အဝန်းက မှတ်ချက်ပြုထားပါတယ် ။
 
” သွားရောက် စစ်ဆေးနေတာမို့ အချက်အလက်က အသေးစိပ် ဘာမှ မသိရသေးတာကြောင့် ပြောလို့ မရသေးဘူး ” လို့ အဲ့ဒီ လူသတ်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကသာမြို့နယ်ရဲတပ်ဖွဲ့ရုံး တာဝန်ကျ ရဲဝန်ထမ်း တစ်ယောက်က VOM ရဲ့ ဆက်သွယ်မေးမြန်တာကို ဖြေပါတယ်။
 
ဒါ့အပြင် ဇူလိုင်လဆန်းပိုင်းက မိုးတားလေး စစ်မှုထမ်းဟောင်း အငြိမ်းစား တစ်ယောက် သတ်ဖြတ်ခံရပြီး ဇူလိုင် ၁၇ ရက်မနက် အစောပိုင်းမှာ မိုးတားလေးရွာခံ ၆ ယောက်ကို မျက်နှာဖုံးစွပ် လက်နက်ကိုင် လူအုပ်စုက ဖမ်းဆီးသွားနောက် အဲ့ဒီ ၆ ယောက်ထဲက ဦးဝင်းတင် အသက် အသက် ၆၅ နှစ် ဆိုသူနဲ့ ကိုကိုမောင်(ခ) ချစ်ရအောင် အသက် ၃၀ နှစ်တို့ ၂ ဦးဟာ ဆိပ်သာကုန်း ဘုန်းကြီးကျောင်းအနီး သဲသောင်ပြင်မှာ သေဆုံးလျက် အဲ့ဒီ နေ့ခင်းပိုင်းမှာ ပြန်လည်တွေ့ရပြီး ကျန် ၄ ယောက်ကတော့ ပျောက်ဆုံးနေဆဲဖြစ်ပါတယ် ။
 
ကသာမြို့နယ်မှာ ဇူလိုင်လဆန်းပိုင်းကစလို့ ဒီကနေ့အထိ လူသတ်မှုဖြစ်စဥ်တွေကြောင့် လူ ၇ ယောက် သေဆုံးခဲ့ရတယ်လို့ အဲ့ဒီ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ် ။
 
#voiceofmyanmar #vom #ကသာ

Related posts

Leave a Comment

VOM News

FREE
VIEW