ဘုတလင်နယ် တွင်းတော်ရွာမှာ အုပ်ချုပ်ရေးမှူးနဲ့ ကျောင်းအုပ်ဆရာမတို့ လင်မယား ၂ ဦး သေနတ်နဲ့ ပစ်သတ်ခံရ

သြဂုတ် ၊ ၁ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ဘုတလင်မြို့နယ် တွင်းတော်ကျေးရွာမှာ မနေ့ ဇူလိုင် ၃၁ ရက် ညနေခင်းက ၂ လောင်းပြိုင်လူသတ်မှု ဖြစ်ခဲ့တယ်လို့ ဘုတလင်မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။
 
အဲ့ဒီ လူသတ်မှုနဲ့ ပတ်သက်လို့ တွင်းတော်ရွာခံ
တစ်ယောက်က ” အိမ်ထဲမှာ မိသားစု ၉ ယောက်လုံးရှိနေတဲ့အချိန် ရွာမြောက်ဘက်ကနေ ဆိုင်ကယ် ၂ စီးနဲ့ လူ ၆ ယောက် မျက်နှာဖုံးစွပ်တွေနဲ့အိမ်ရှေ့ကိုရောက်လာပြီး ခြံထဲဝင်ဖို့ တံခါးကိုဖျက်တယ် ၊ တံခါးဖျက်နေတဲ့အချိန်မှာ အုပ်ကြီးရဲ့ သားမက်က လောက်လေးခွနဲ့ ပစ်ပြီးခုခံတော့ အဲ့ဒီ လူ ၆ ယောက်က လက်လုပ်ဗုံး ၅ လုံးကို အိမ်ထဲလှမ်းပစ် ဖောက်ခွဲတယ် ၊ နောက်ပြီး သေနတ်နဲ့ အချက် ၂၀ နီးပါးပစ်တယ် ၊ အဲ့ဒါကြောင့် အိမ်ထဲက လူတွေဟာ ထွက်ပြေးပုန်းခိုဖို့ လုပ်တဲ့အချိန် အုပ်ကြီးနဲ့ သူ့မိန်းမ သတ်ခံလိုက်ရတာ ” လို့ ပြောပါတယ် ။
 
တွင်းတော်ကျေးရွာ အုပ်ချုပ်ရေးမှူး
ဦးထွန်းမြင့်ဦး အသက် ၅၀ နှစ် နဲ့ သူ့ရဲ့ ဇနီးဖြစ်သူ ကျောင်းအုပ်ဆရာမ ဒေါ်ခင်နှင်းယု တို့ဟာ ကျည်ဆံဖောက်ဝင်ဒဏ်ရာတွေအပြင် ပြတ်ရှဒဏ်ရာနဲ့ ထိုးသွင်းဒဏ်ရာတွေရသေဆုံးပြီး အုပ်ကြီးရဲ့ သားးမက်ဖြစ်သူဟာလည်းဦးခေါင်းမှာ ပြတ်ရှဒဏ်ရာတချို့ ရရှိခဲ့တယ်လို့ သိရပါတယ်။
 
” အခင်းဖြစ်ပွားတဲ့နေရာမှာ ပစ္စတိုသေနတ် ကျည်အိမ် ၁ ခု ၊ ကျည်ဆံ ၃ တောင့် တွေ့ရတယ် ၊ သေဆုံးသူရဲ့ အိမ်က ဆိုင်ကလုန်း ဆိုင်ကယ် ၁ စီး နဲ့ ဟွန်ဒါဆိုင်ကယ် ၁ စီး ၊ အဲ့ဒီ ဆိုင်ကယ် ၂ စီးကို လာသတ်တဲ့သူတွေက ယူသွားခဲ့တယ် ” လို့ ဘုတလင်မြိုနယ် ရဲတပ်ဖွဲ့ တာဝန်ကျ ရဲဝန်ထမ်းတစ်ယောက်က VOM ရဲ့ ဆက်သွယ်မေးမြန်းတာကို ဖြေကြားပြောဆိုပါတယ် ။
 
သေဆုံးသူ အုပ်ချုပ်ရေးမှူးနဲ့ သူရဲ့ ဇနီးဖြစ်သူ ကျောင်းအုပ်ဆရာမ တို့ဟာ ပညာရေးဝန်ထမ်းတွေ CDM မလုပ်ဆောင်ရေး ကိစ္စမှာ စိတ်အားထက်သန်သူတွေဖြစ်ကြပြီး အဲ့ဒီ ကိစ္စကြောင့် အခုလို လုပ်ကြံခံရတာ ဖြစ်နိုင်တယ်လို့ တွင်းတော်ရွာခံ တချို့က ဝေဖန်ပြောဆိုကြတာရှိပေမယ့် VOM က သီးခြားသတင်းအတည်ပြုချက် မရရှိခဲ့ပါဘူး။
 
ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက် နေ့ခင်းပိုင်းက ဘုတလင်မြို့နယ် ကြို့ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်စံမြင့် ဆိုသူဟာ ဆိတ်သာကန်ကျေးရွာအနီး မုံရွာ – ရေဦး ကားလမ်းအနီး မြေပဲခင်းစပ်မှာ ဓားခုတ်ခံရလို့ သေဆုံးခဲ့ပါတယ်။ အဲ့ဒီ လူသတ်မှုဖြစ်စဥ်မှာလဲ သေဆုံးသူ ကြို့ကုန်းအုပ်ချုပ်ရေးမှူးရဲ့ ဆိုင်ကယ် ၁ စီးမှာ ပျောက်ဆုံးနေတယ်လို့ သိရပါတယ် ။
 
အဲ့ဒါကြောင့် ဘုတလင်မြို့နယ်မှာ ၁ ပတ်အတွင်း အုပ်ချုပ်ရေးမှူး ၂ ယောက်သတ်ခံရပြီး သေဆုံးသူတွေရဲ့ ဆိုင်ကယ် ၃ စီး ပျောက်ဆုံးနေတာဖြစ်ပါတယ်။
 
ပြီးခဲ့တဲဲ့ ဇူလိုင်လဆန်းပိုင်း ကစလို့ စစ်ကိုင်းတိုင်း ၃၇ မြို့နယ်ထဲက မြို့နယ်တိုင်းလိုလို လူသတ်မှုဖြစ်စဥ်တွေ ပေါ်ပေါက်ခဲ့ပြီး
အဲ့ဒီ ဖြစ်စဥ်တွေမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ၊ ပြည်ခိုင်ဖြိုး ရပ်ကျေးစည်းရုံးရေးမှူးတွေနဲ့ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ နီးစပ်သူတွေ သေဆုံးကြရတာ ဖြစ်တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
 
#voiceofmyanamr #vom #ဘုတလင#တွင်းတော်

Related posts

Leave a Comment

VOM News

FREE
VIEW