သေနတ်သမားတွေရဲ့ လုပ်ကြံမှုကြောင့် ဆေး ရုံတင်ရတဲ့ မိုးမောက်ထွေအုပ် သေဆုံး

သြဂုတ် ၊ ၂ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့ ၊ မိုးမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဟာ သြဂုတ် ၁ ရက် မနေ့ည ၉ နာရီဝန်းကျင်က သေနတ်သမားတွေရဲ့ ပစ်ခတ်ခံရပြီးနောက် ဆေးရုံမှာ သေဆုံးသွားပြီဖြစ်ကြောင်း မိုးမောက်မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။
 
” လုပ်ကြံခံရတာ ဟုတ်တယ် ၊ ရရှိဒဏ်ရာဟာ စိုးရိမ်ရလို့ ဗန်းမော် စစ်ဆေးရုံကို ချက်ချင်းပို့ဆောင်တယ် ၊ ဆေးရုံရောက်တော့ အသက်ပါမလာတော့ဘူး ၊ သေဆုံးတာက မြို့နယ်အုပ်ချုပ်ရေးမှူး ဦကျော်ဆွေဖြစ်တယ် ” လို့ ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့ တာဝန်ကျ ရဲဝန်ထမ်းတစ်ယောက်က VOM ရဲ့ ဆက်သွယ်မေးမြန်းချက်ကို ဖြေကြားပြောပါတယ်။
 
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ဒေသခံ တစ်ယောက်ပြောတာက ” မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ တွေ့ဆုံစားသောက်ကြတယ် ၊ လုပ်ငန်းကိစ္စအတွက်တွေ့ဆုံပြောဆိုတာ ပါသလို ပျော်ပွဲစားတဲ့ သဘောလဲပါတယ် ၊ ၉ နာရီဝန်းကျင်မှာ ပွဲပြီးလို့ လူစုခွဲ အိမ်ပြန်ကြတော့ အိမ်နားအရောက် လမ်းထိပ်မှာ ဆိုင်ကယ် ၂ စီးနဲ့ အသင့်စောင့်နေတဲ့ သေနတ်သမားတွေက သေနတ်ကို အတွဲလိုက် ပစ်ခတ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးကို လုပ်ကြံခဲ့တာ ” လို့ ဖြစ်ပါတယ် ။
 
လုပ်ကြံခံရလို့ သေဆုံးသူ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဟာ အရင် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် မိုးမောက်မြို့ကို တာဝန်အရ ပြောင်းရွေ့လာခဲ့သူဖြစ်ပါတယ် ။
 
” ဗန်းမော်ခရိုင်ထဲက မြို့နယ်တွေမှာ မကြာခဏ သေနတ်ပစ်ခတ်မှုတွေရှိတယ် ၊ စီးပွားရေး လုပ်ငန်းနဲ့ ပတ်သက်လို့ အဆင်မပြေကြတဲ့အခါ ပစ်ကြတာပါ ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာမရှိဘူး ၊ ညက ပစ်ခတ်မှုဟာ ပထမဆုံးဖြစ်စဥ်လို့ ပြောလို့ရတယ် ” မိုးမောက်မြို့ပေါ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ယောက်က ပြောပါတယ်။
 
ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လထဲက မိုးမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာန ရုံးအနီးမှာ ပေါက်ကွဲမှုတကြိမ်ဖြစ်ပွားခဲ့ပါသေးတယ်။
 
#voiceofmyanmar #Vom # မိုးမောက်

Related posts

Leave a Comment

VOM News

FREE
VIEW