အထူးသံတမန်ခန့်အပ်တာကို အတည်ပြုဖို့ အာဆီယံအစည်းအဝေးမှာ မြန်မာကို အင်ဒိုနီးရှားတိုက်တွန်း

ဂျကာတာ၊ သြဂုတ်-၂-၂၀၂၁
မျိုးဆက် (VOM)
 
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ခန့်အပ်တာကို အတည်ပြုဖို့ အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီး မာဆူဒီက အာဆီယံနိုင်ငံခြားရေး၀န်ကြီး အစည်းအဝေးစတင်တဲ့ သြဂုတ် ၂ ရက်မှာ မြန်မာနိုင်ငံကို တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် မြန်မာအာဏာပိုင်တွေအနေနဲ့ အတိုက်အခံတွေနဲ့ ဆွေးနွေးဖို့အစီအစဉ်ဟာ တိုးတက်မှုအနည်းငယ် သာရှိတယ်လို့ဆိုပါတယ်။
 
မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် ခြောက်လအကြာမှာ အာဆီယံနိုင်ငံခြားရေး ၀န်ကြီးတွေဟာ သြဂုတ် ၂ ရက်မှအစည်းအဝေးစတင်ကျင်းပနေပြီး မြန်မာ့အရေးနဲ့ပတ်သက်လို့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ တွေ့ဆုံဆွေးနွေးဖို့နဲ့ အာဆီယံအထူးသံတမန်တစ်ဦး ခန့်အပ်ရေး တို့ကိုဆွေးနွေးလျှက်ရှိပါတယ်။
 
လက်ရှိချိန်ထိ အာဆီယံအထူးသံတမန်အဖြစ် အဆိုပြုထားသူတွေထဲက ဘယ်သူကိုခန့်အပ်မယ်ဆိုတာ ထုတ်ဖော်ပြောဆိုတာမျိုးမရှိသေးပေမယ့် သံတမန်ခန့်အပ်တဲ့ကိစ္စကို ယခုနှစ်အာဆီယံအလှည့်ကျဥက္ကဌဖြစ်တဲ့ ဘရူနိုင်းက တရား၀င်ကြေညာမှာဖြစ်ပါတယ်။
 
အထူးသံတမန်တစ်ဦးခန့်အပ်ဖို့ အာဆီယံရဲ့အဆိုပြုမှုကို မြန်မာဘက်က ချက်ချင်းအတည်ပြုလိမ့်မယ်လို့ အင်ဒိုနီးရှားက မျှော်လင့်ကြောင်း နိုင်ငံခြားရေး၀န်ကြီး မာဆူဒီကဆိုပါတယ်။
 
ယခင်ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေး၀န်ကြီးတွေရဲ့ အစည်းအဝေးမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဘုံသဘောတူညီချက်ငါးချက်ရရှိခဲ့ပြီး အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ အတိုက်အခံတွေနဲ့ တွေ့ဆုံဆွေးနွေးရေးနဲ့ အထူးသံတမန်တစ်ဦး ခန့်အပ်ရေးတို့ပါ၀င်ပါတယ်။
 
လက်ရှိအချိန်ထိ အထူးသံတမန်ခန့်အပ်ရေးဟာ လိပ်ခဲတည်းလည်းဖြစ်နေပြီး လက်ရှိကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေး၀န်ကြိီးတွေရဲ့ အစည်းအဝေးမှာတော့ အပြီးသတ်နိုင်ဖွယ်ရှိနေပါတယ်။ အာဆီယံအဖွဲ့ရဲ့ မည်သည့်အထူးသံတမန်နဲ့မဆို လက်တွဲလုပ်ဆောင်ဖို့ အသင့်ရှိကြောင်း နစကကောင်စီဥက္ကဌက သြဂုတ် ၁ ရက်မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။
 
Ref : Reuters
Photo: Reuters
 
#voiceofmyanmar #vom #မြန်မာအထူးသံတမန်

Related posts

Leave a Comment

VOM News

FREE
VIEW