ကျယ်ဂေါင်က မြန်မာနိုင်ငံသား ကျောက်ကုန်သည်တွေကို ပြန်ဖို့ ဖိအားပေးနေတာကြောင့် အခက်အခဲ ဖြစ်နေ

ဩဂုတ် ၃၊ ၂၀၂၁
Shy V(VOM)
 
တရုတ်-မြန်မာနယ်စပ် ကျယ်ဂေါင်မှာ ကျောက်စိမ်း အရောင်းအဝယ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ကျောက်ကုန်သည်တွေကို မြန်မာနိုင်ငံပြန်ဖို့ တရုတ်ဘက်က ဖိအားပေးနေတာကြောင့် အခက်အခဲ ဖြစ်နေတတယ်လို့ ကျယ်ဂေါင်၊ ရွှေလီရောက် မြန်မာကျောက်ကုန်သည်တွေက ပြောပါတယ်။
 
“ကျောက်ကုန်သည်တွေက အပြည့်အစုံရှိပါတယ်။ နေထိုင်ခွင့်တွေရော၊ လုပ်ငန်းလိုင်စင်တွေရော ရှိတယ်လေ။ ဒါပေမယ့် ခုလို့ ကိုယ့်ပစ္စည်းတွေ ရှိနေတဲ့အခါကတော့ မပြန်ချင်ဘူး။ Quarantine ဝင်ရမယ်ဆိုရင် လည်း ဝင်လိုက်မယ်။ ပစ္စည်းတွေကို နှမြောလို့။ Quarantine ထွက်ပြီးရင်တော့ အခန်းထဲက ပစ္စည်းယူခွင့်ရှိတယ်။ ဒါပေမယ့် ကျောက်တွေကတော့ အကုန် ပြန်သယ် နိုင်ဖို့ မလွယ်ဘူး။” လို့ ကျယ်ဂေါင်က ကျောက်ကုန်သည် တစ်ဦးကပြောပါတယ်။
 
ကျောက်ကုန်သည်တွေ ဝင်ငွေမရှိပဲ ဆိုင်တွေ ပြန်ဖွင့် ဖို့စောင့်ဆိုင်းရင်း ၄ လကျော်လာသလို လက်ထဲမှာ ရှိထားတဲ့ငွေတွေက အိမ်လခ၊ ရေခ၊ မီးခ၊ စားစရိတ်တွေ နဲ့ကုန်သွားရပြီး လက်ထဲလည်း ကျောက်ပဲရှိတော့တယ်။ ကျယ်ဂေါင်က လူတွေလည်း ရွှေလီကို ပြောင်းခိုင်းနေပေမယ့် ရောဂါကာလ ဖြစ်တာကြောင့် ရွှေလီက အိမ်ရှင်တွေကလည်း လက်မခံတာကြောင့် နေထိုင်ခွင့် အထောက်အထားရှိ ပေမယ့် အခက်အခဲ ကြုံနေရတယ်လို့ သူက ပြောပါတယ်။
 
ရွှေလီတံတားနားက ကျင်းခမ်းရွာမှာ နေထိုင်တဲ့ ကျောက်ကုန်သည်တစ်ဦးက “အိမ်ရှင်က ပြန်ဖို့ ပစ္စည်းတွေ သိမ်းထားကြ လို့ လာပြောသွားပြီ။ အလှည့်ကျ ပြန်ရမှာ။ မြန်မာတွေ အကုန်လွှတ်မှာတဲ့။ ကျွန်မတို့ ကျောက်သမားတွေ ချွေးနဲစာနဲ့ စုထားတဲ့ကျောက်တွေ။ တန်ဖိုးရော ကျောက်ရော နည်းတာမဟုတ်ဘူး။ ဘယ်လိုမှ လုပ်မရတော့ဘူးလား။ ကျောက်သမားတွေက ကျောက်တွေမသယ်နိုင်ဘူးလေ။ ဒုက္ခပါပဲ။ ကျောက်သမားတွေပဲ စိတ်ဆင်းရဲရတယ်။ မနက်ဖြန်ပါမလား နောက်နေ့ပါမလား မသိ တအားစိတ်ဆင်းရဲနေတယ်။ ကျောက်သမားတွေကို သီးသန့် အစီအစဉ်လေးနဲ့ မပြန်ခိုင်းသေးပါနဲ့အုံး လို့တောင်းဆိုချင်ပါတယ်။” လို့ ပြန်ရင်လည်း ကျောက်တွေ ပြန်သယ်လို့ မနိုင်တာကြောင့် ဆုံးရှုံးမှုတွေ အများကြီးရှိနေတာတွေကြောင့် တရုတ်အစိုးရဘက်က အချိန်အတိုင်းအတာတစ်ခုထိ ပေးစေချင်ကြောင်းနဲ့ နှစ်ဘက် အစိုးရအနေနဲ့ ညှိနှိုင်းပေးစေလိုကြောင်း ပြောပါတယ်။
 
လက်ရှိ သူတို့နေထိုင်ရွာမှာ မြန်မာကျောက်ကုန်သည် ၄၀ ဝန်းကျင်ရှိပြီး တစ်ပိုင်တနိုင် ကျောက်အရောင်းအဝယ် လုပ်ကြတာဖြစ်ပြီး ကျောက်ရောင်းတဲ့နေရာကို စာပွဲဝိုင်းနဲ့ ငှားရတယ်။ တစ်ဝိုင်းကို တစ်လ တရုတ်ငွေ ယွမ် ၃၅၀ ကနေ ယွမ် ၁၅၀၀ ထိ အစားအစာ ရှိကာ မရောင်းရသေးတဲ့ ကျောက်တွေ မြန်မာငွေ သိန်း ၁၀၀ ကနေ သိန်း ၅၀၀ ထိ ရှိနေသေးကြကာ တချို့မှာတော့ တန်ချီ ရှိနေတာကြောင့် မြန်မာနိုင်ငံကို ပြန်သယ်လာဖို့ မဖြစ်နိုင်ပဲ ဆုံးရှုံးမှုတွေ များနေတယ် လို့ သူက ရှင်းပြပါတယ်။
 
ရွှေလီမှာ Hotel Quarantine ဝင်နေရတဲ့ ကျောက်သမားတစ်ဦးကတော့ ၂၁ ရက်စာ Qurantine ကုန်ကျစရိတ် တရုတ် ယွမ်ငွေ ၄၄၀၀ လာတောင်းလို့ ငွေမပါတာကြောင့် အခက်အခဲကြုံနေရကြောင်း “ပါသွားတာ မြန်မာနိုင်ငံသား ၂၅ ဦး။ ကျောက်သမားတွေ၊ ကုန်စုံဆိုင်ရှင်တွေ၊ စားသောက်ဆိုင်ရှင်တွေ၊ အလုပ်လုပ်ဖို့ စောင့်နေရတဲ့ အလုပ်သမားတွေပါတယ်။ ထမင်းဖိုးက တစ်ရက် ယွမ် ၅၀။ ထမင်းဖိုး မတတ်နိုင်တဲ့သူတွေဆို ခေါက်ဆွဲ အလကားကျွေး တာတော့စားရတယ်။ ထမင်းဖိုးတောင်းတာလောက်က လက်ခံတယ်လေ။ အမက မြန်မာပြည်ပြန်ဖို့စာတင်ထားတာ။ မနက်ဖြန်ပြန်ရမှာ ဆိုတော့ ဖုန်းဆက်လာတယ်။ ဒီမှနေတဲ့ အခန်းခက ၁၆၀၀ ကျော်လောက်ကျမှာတဲ့။ မဖြစ်နိုင်ဘူးလေ။ ကျွန်မတို့က ပြန်ဖို့ စရိတ်တောင်အနိုင်နိုင်လေ။ တဝင်းလုံး ပြန်ခိုင်းတာကို မပြန်ပဲ Q ဝင်လို့ Q စားစရိတ် အကုန်ခံခိုင်းတာ လို့လာပြောတယ်။ Quarantine ဝင်တဲ့ လူတွေ အားလုံးက ပိုက်ဆံလည်း မရှိကြတော့ဘူးလေ။ ကျွန်မတို့ကလည်း Q ထွက်ရင် ကျယ်ဂေါင် နေလို့ရအုံးမလား ဆိုပြီး Q ဝင်ကြတာပါ။ အခုက ကိုယ့်သဘောနဲ့ကိုယ် ပြန်တယ် ဆိုတဲ့အကြောင်း လက်မှတ်ထိုးရမယ်လို့ လာပြောသွားတယ်။” လို့ ပိုက်ဆံမပေးနိုင်ပါက ဖမ်းဆီးခံရမှာ စိုးရိမ်နေရတဲ့အပြင် ကုန်တွေ အများကြီး ရှိနေတာကြောင့် အခက်ကြုံနေကြောင်း ပြောပါတယ်။
 
တရုတ်-မြန်မာနယ်စပ် ကျယ်ဂေါင်က ကျောက်ဝိုင်းတွေကို ကိုဗစ် ဒုတိယလှိုင်း မတ်လ ၂၉ ကတည်းက ပိုးတွေ့အကြောင်းပြကာ ပိတ်သိမ်းခဲ့ပြီး လက်ရှိ တတိယလှိုင်း ကာလထိ ဆိုင်တွေ ပြန်မဖွင့် နိုင်တဲ့ အပြင် တချို့ ကုန်သည်တွေက တရုတ်တွေဆီ ရောင်းထားတဲ့ ငွေတွေ ပြန်မရပဲ ဆုံးရှုံးမှု များစွာ နဲ့ ရင်ဆိုင်နေကြရတယ်လို့ ကျောက်ကုန်သည်တွေက ပြောပါတယ်။
 
#voiceofmyanamar #vom #ကျယ်ဂေါင်ကျောက်စိမ်းဝိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW