ဟုမ္မလင်းနယ်က အုပ်စု အုပ်ချုပ်ရေးမှူး ရွှေလုပ်ငန်းရှင် ၁ ဦး သေနတ်နဲ့ အပစ်ခံရပြီး သေဆုံး

သြဂုတ် ၂၃ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ နောင်မိုး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူဟာ ဒီကနေ့မနက်အစောပိုင်းက သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးသွားတယ်လို့ နောင်မိုးရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” ညက ဆိုင်ကယ်နဲ့ လူ ၂ ယောက်က ပြောစရာရှိတယ်ဆိုပြီး အိမ်ကိုလာခေါ်သွားတယ်၊ ဒီမနက် အစောပိုင်းမှာ နောင်ဟင်ရွှေမှော်ထဲက သူ့လုပ်ကွက်မျှောမှာ သေနတ်နဲ့ ပစ်ခံရလို့ ကျည်ဆံဖောက်ဝင် ဒဏ်ရာတွေနဲ့ သေဆုံးနေတာ ပြန်တွေ့ရတယ် ” လို့ သေဆုံးသူနဲ့ ဆွေမျိုးတော်စပ်သူတစ်ယောက်က VOM ကိုပြောပါတယ်။
 
သေဆုံးသူ ဦးမန်းတင်ဟာ နောင်မိုးကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ဖြစ်သလို ရွှေလုပ်ငန်းရှင် တစ်ဦးလည်း ဖြစ်တယ်လို့ သိရပြီး သူအသတ်ခံရတဲ့နေရာဟာ သူပိုင်ဆိုင်တဲ့ ရွှေလုပ်ကွက်ထဲမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
အဲ့ဒီ လူသတ်မှုဖြစ်စဥ်နဲ့ပတ်သက်ပြီး မိုင်းကိုင်းနယ်မြေရဲစခန်းက အရေးယူဆောင်ရွက်ပေးဖို့ သေဆုံးသူ မိသားစုအသိုင်းအဝိုင်းက အကြောင်းကြားထားတဲ့အတွက် ရဲစခန်းက စစ်ဆေးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ပြီးခဲ့တဲ့ ဒီလ ၁၄ ရက် မနက်ပိုင်းက ဟုမ္မလင်းမြို့နယ် ၊နောင်ဖာမူ ကျေးရွာအုပ်စု ၊တောင်ခြေရင်း ကျေးရွာက ရွှေမျှောလုပ်ငန်းပိုင်ရှင် ဦးညွှန့်မောင် ဆိုသူလည်း သေနတ်နဲ့ ပစ်ခံရတာဖြစ်စဉ် ဖြစ်ခဲ့ပါသေးတယ်။
 
အဲ့ဒါကြောင့် ဟုမ္မလင်းမြို့နယ်မှာ ဒီလ ၁၀ ရက်အတွင်း ရွှေလုပ်ငန်းရှင် လူ ၂ ဦးကို အသတ်ခံရတဲ့ အရေအတွက်ဟာ ၂ ကြိမ်ရှိသွားပြီဖြစ်တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ဟုမ္မလင်း

Related posts

Leave a Comment

VOM News

FREE
VIEW