မုံရွာမြို့မှာ ပင်စင်လစာ လာထုတ်သူတွေကို အာဟာရနဲ့စားသောက်ကုန်တချို့ မျှဝေပေး

သြဂုတ် ၊ ၂၅ -၂၀၂၁
ကိုတိုးကြီး (VOM)
 
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အောင်မဂ်လာရပ်၊ ဗိုလ်ချုပ်လမ်းမှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်ကို အငြိမ်းစား လစာ လာရောက်ထုတ်ယူတဲ့ ပင်စင်စားသက်ကြီးတွေကို မုံရွာမြို့ကစေတနာရှင်တွေစုပေါင်းပြီးတော့ အာဟာရနဲ့ စားသောက်ကုန်တချို့ ဝေငှပေးခဲ့တယ်လို့ သိရပါတယ်။
 
” ဘဏ်မှာ ပင်စင်လစာထုတ်ဖို့ မနက်၅ နာရီကနေ တန်းစီစောင့်နေရတဲ့ သက်ကြီးတွေအပေါ် စာနာမိတာရယ် မနက်စာ အဟာရဖြည့်ဖို့ သူတို့ အခက်အခဲရှိနေတာဆိုတော့ အခုလို လူအယောက် ၄ ရာစာအတွက် မျှဝေပေးဖြစ်တာ ” လို့ စေတနာရှင်တစ်ဦးဖြစ်သူ ဦးအောင်မြင့် (မုံရွာ အိမ်ငှား အကျိုးဆောင်)က ပြောပါတယ်။
 
လစဥ် ၂၀ ရက်နောက်ပိုင်းတွေမှာ မုံရွာစီးပွားရေး ဘဏ်ကို ပင်စင်လစာ လာရောက်ထုတ်ယူဖို့ လာရောက်တန်းစီတဲ့ သက်ကြီးရွယ်အိုတွေ ရာနဲ့ချီပြီးရှိတဲ့အတွက် မနက်စာ အာဟာရစားသောက်ဖို့ အခက်အခဲရှိတာကြောင့် မုံရွာက စေတနာရှင် ဆရာဝန်တွေ အကျိုးဆောင် လုပ်ငန်းရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ စုပေါင်းပြီး အဟာရဒါနပြုလုပ်တာဖြစ်ပါတယ်။
 
အဆင်သင့်စားနိုင်ဖို့ ရေသန့် ၊ ပေါင်မုန့် ၊ ကိန်မုန့် ၊ ခေါက်ဆွဲနဲ့ အိမ်ပြန်ယူသွားဖို့ ကြက်သွန် ၊ ကြက်ဥ ၊ ခေါက်ဆွဲခြောက် စတာတွေကို မျှဝေပေးကြတာဖြစ်တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW