ဖောင်းဆိုင်ဘက်က စစ်ဘေးဒုက္ခသည်တွေ အစားအသောက် ဝယ်ယူဖို့ ခက်ခဲနေ

စက်တင်ဘာ ၃-၂၀၂၁
Shy V(VOM)
 
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြန်မာ-တရုတ်နယ်စပ် မုံးကိုး ဖောင်းဆိုင်ဒေသ၊ တရုတ်နယ်စပ်ဘက်မှာ တိုက်ပွဲ ရှောင်နေရသူတွေဟာ အစားအသောက်ဝယ်ယူဖို့ ခက်ခဲ နေကြတယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။
 
အရေးကြီးတဲ့ အသုံးအဆောင်တွေနဲ့ ဆန်၊ ဆီ၊ ဆား အစားအသောက် လိုအပ်ရင် တရုတ်ဘက်ခြမ်းက အသိ မိတ်ဆွေတွေဆီကို WeChat နဲ့ ငွေလွဲကာ မှာယူရတာဖြစ်ပြီး ပစ္စည်းတွေကိုလည်း နယ်ခြားစည်းရိုးပေါက်နေ ကျော်ပစ်ပေးရတာ‌ဖြစ်တဲ့အတွက် ပျက်စီးပေါက်ပြဲတာတွေရှိပေမယ့် အကူအညီတောင်း‌နေရစဲဖြစ်တယ်လို့ သိရပါတယ်။
 
” လတ်တလောမှာ တရုတ်ဘက်က နယ်ခြားစည်းရိုးကို တစ်ဆင့်ထပ်မြှင့်ထားတာတော့ ပိုဆိုးသွားပြီ၊ ကြက်ဥတွေ၊ ဆီပုံးတွေကလည်း ကွဲတဲ့ဟာကွဲ၊ ဒါပေမယ့် အဲ့ဒီလိုပဲ ဖြစ်သလို အသိတွေကို အဲ့ဒီလို အကူညီတောင်းနေရတယ်။ တောင်ပေါ်မှာဆိုတော့ ဟင်းသီးဟင်းရွက် ရှာစားပြီး အဲ့ဒီလိုပဲ တလတာကျော်ဖြတ်ပြီး နေနေရတာ၊ ဒီ‌ကနေ့ စက်တင်ဘာ ၃ ရက်မှာ တလပြည့်ပြီ။” လို့ လို့ စစ်ရှောင်ပြည်သူတစ်ဦးက ပြောပါတယ်။
 
လက်ရှိ မုံးကိုးနဲ့ ဖောင်းဆိုင်ကြားမှာ ကား ၂ စီးကိုသာ သွားခွင့်ပြုထားပြီး လူတစ်ဦးကို ဆန် လေး၊ငါးပြည်ထက် ပိုသယ်ယူခွင့်မရှိတာကြောင့် ဆန်တွေကိုလျှော့ပြီး သယ်ယူရတယ်လို့ သိရပါတယ်။
 
တစ်လအတွင်းမှာ စခန်းမှူးဆီ ခွင့်ပြုချက်တောင်းပြီး စစ်ရှောင်တွေအတွက် ဆန် ၂ ခါသယ်ယူခွင့်ရခဲ့တယ်၊
အိတ် ၃၀ မုံးကိုးက သယ်လာတာ၊ ၁၀ အိတ်တော့ သူတို့ဆီမှာ ထားခဲ့ရတယ်။ အိတ် ၂၀ တော့ လာပို့တယ်။” လို့စစ်ရှောင်တွေနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
 
စစ်ဘေးဒုက္ခသည်တွေဟာ တရုတ်နယ်ခြားမိုင်တိုင် ၁၀၂၊ တရုတ်နိုင်ငံဘက်ခြမ်းက ဘန်ဝါ၊ နာ့ခ်ဒျန် တို့နဲ့ မျက်နှာချင်းဆိုင်၊ မြန်မာဘက်ခြမ်း နယ်ခြားစည်းရိုး နဲ့ ကီလိုမီတာ ၆၀၀ အကွာက ဘန်မွေး၊ မန်းယန်ဘက်မှာ အိမ်ထောင်စု ၄၀ ကျော်၊ လူဦးရေ ၁၇၀ ကျော် လာရောက်ရှောင်တိမ်းနေရစဲဖြစ်တယ်လို့ စစ်‌ရှောင် ပြည်သူတွေဆီက သိရပါတယ်။
 
တဲထိုး နေထိုင်ကြရတာကြောင့် မိုးဒဏ်လေဒဏ်ကြောင်း ဒုက္ခရောက်ရပြီး လှူဒါန်းလက်ခံထားတဲ့ မိုးကာ၊ အခင်း၊ စောင်၊ ရေပုံး နဲ့ အိမ်သုံးပစ္စည်းတွေ သယ်ယူလို့ မရသေးလို့ မုံးကိုးမှာ သောင်တင်နေတာကြောင့် တိုက်ပွဲ ငြိမ်ပြီး သယ်ယူလို့ရတဲ့အချိန်ကို စောင့်နေကြရတယ် လို့ စစ်ရှောင်တွေကပြောပါတယ်။
 
ကူညီထောက်ပံ့မှုအနေနဲ့ အရှေဘက်ပိုင်းဒေသ ဖောင်းဆိုင်၊ မန်ဆာ၊ ကျင်းထုံ၊ သာချိ၊ ဟူထူရှန်ဘက်မှာ တရုတ်အစိုးရဘက်က ဂျန်းဖုဆိုတဲ့သူတွေဟာ ဆန် ၈ အိတ်၊ ဆီပုံး၊ ဆား၊ မိုးကာတွေ အနည်းငယ်လာရောက်ထောက်ပံ့တာလောက်ပဲရှိပြီး လောလောဆယ်မှာတော့ ခက်ခဲနေတဲ့ ဆန်၊ ဆီ နဲ့ အစားအသောက်ပြဿနာကို ဖြေရှင်းနေကြရတယ်လို့ ပြောပါတယ်။
 
ဇူလိုင် လကုန်ပိုင်းက မန်းယန်ဘက်မှာ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူတွေ လက်နက်ကျည်ထိမှန်တာတော့ မရှိပေမယ့် မန်းယန်ရွာကလူတွေ ဘန်မွေးရွာဘက်က အသိအိမ်တွေမှာ လာရောက် တိမ်းရှောင်နေကြာတယ်လို့ သိရပါတယ်။
 
” အဲ့ဒီလို တိုက်ပွဲဖြစ်အပြီး တစ်ပတ်အကြာမှာ လူပေါင်းရာနဲ့ချီကို ကျွေးမွေးဖို့ခက်ခဲလာတယ်၊ ရွာမှာ စစ်သား‌တွေ ပြည့်နေတာကြောင့် ရွာထဲဝင်လို့လည်းမရ၊ လုံးဝ နေထိုင်လို့ မရတော့လို့ ဘန်စတိုင်းကနေ အဝေးကြီး ကွေ့ပတ်ပြီး လက်ရှိစစ်ရှောင်နေရာကို လာခဲ့ရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
၂၀၁၆ခုနှစ်တုန်းကတော့ တရုတ်နိုင်ငံထဲ ဝင်ရောက်ခိုလှုံခွင့်ရလို့ လုံခြုံမှုရှိပေမယ့် လက်ရှိမှာတော့ ဘယ်နေရာကို ရှောင်ရှောင် မလုံခြုံတော့တာဖြစ်ပြီး တချို့ရွာတွေဟာ စစ်မြေပြင်လို ဖြစ်နေတာကြောင့် ရှောင်ပြေးစရာ နေရာမရှိဘဲ ကိုယ့်ရွာမှာကို အတတ်နိုင်ဆုံး သည်းခံပြီး နေထိုင်နေကြရတယ်လို့ စစ်ရှောင်တွေရဲ့ပြောပြချက်အရ သိရပါတယ်။
 
Photo – ဒေသခံ
#voiceofmyanmar #VOM #ဖောင်းဆိုင်

Related posts

Leave a Comment

VOM News

FREE
VIEW