တန့်ဆည်မြို့မရဲစခန်းကနေ စျေးထွက်ဝယ်တဲ့ ရဲ ၂ ဦး သေနတ်နဲ့ပစ်သတ်ခံရ

စက်တင်ဘာ ၊ ၅ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ တန့်ဆည်မြို့ ၊ မေတ္တာမြိုင်ရပ်ကွက် ၊ စျေးသစ်တောင်ဘက်လမ်းထဲမှာ မနေ့ စက်တင်ဘာ ၄ ရက် ညနေ ၅ နာရီဝန်းကျင်က ရဲ ၂ ယောက် သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အတွက် သေဆုံးသွားတယ်လို့ တန့်ဆည်ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” စျေးသစ်တောင်ဘက်လမ်းထဲက ဦးအောင်ကျော်မိုးရဲ့ အိမ်ရှေ့ခြံစည်းရိုးဘေးမှာ ဆိုင်ကယ် ၁ စီးနဲ့ ရဲ ၂ ယောက် သေနေတာဖြစ်တယ် ” လို့ မေတ္တာမြိုင်ရပ်ကွက်နေ ဒေသခံ တစ်ယောက်က ပြောပါတယ် ။
 
ဒါ့အပြင် တန့်ဆည်မြို့မရဲစခန်းနဲ့ နီးစပ်သူ တစ်ယောက်က ” ညနေက စျေးဝယ်ထွက်သွားတဲ့ ရဲ ၂ ယောက် ပစ်ခံရတာပါ ၊ ရဲတပ်ကြပ် မျိုးထက်ဦးက ယာဘက်နား ကျည်ဆံဖောက်ဝင် ဒဏ်ရာ ၁ ချက် ၊ ယာဘက် ရင်ညွှန့် ကျည်ဆံဖောက်ဝင် ဒဏ်ရာ ၁ ချက်ဖြစ်တယ် ၊ ရဲဒုတပ်ကြပ် အောင်သူမိုးကတော့ ယာဘက်မျက်ခုံး အထက် ကျည်ဆံဖောက်ဝင် ဒဏ်ရာ ၁ ချက် ဖြစ်တယ် ၊ သူတို့ ၂ ယောက်စလုံးက အိမ်ထောင်မရှိကြဘူး ” လို့ပြောပါတယ်။
 
အဲ့ဒီ သေဆုံးသူ ရဲ ၂ ယောက်ရဲ့ ရုပ်အလောင်းကို ပါရမီ လူမှုကူညီရေး အသင်းက အခင်းဖြစ်ပွားတဲ့နေရာကနေ ဆေးရုံကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
 
အခုလ ၃ ရက်နေ့ ညနေပိုင်းကလည်း စစ်ကိုင်းတိုင်း ကောလင်းခရိုင် ပင်လည်ဘူးမြို့မရဲစခန်းက ရဲဝန်ထမ်း ၈ ယောက်ဟာ မြေလင်းကျေးရွာကနေ အမှုစစ်ဆေးပြီး ရဲစခန်းကို အပြန်လမ်းမှာ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခံရကာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခံရတဲ့အတွက် ၁ ဦး သေ ၊ ၁ ဦး ဒဏ်ရာရခဲ့ပါသေးတယ် ။
 
ဒါ့အပြင် မနေ့ စက်တင်ဘာ ၄ ရက် မနက် ၁၂ နာရီက ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့မရဲစခန်းက ဒုရဲအုပ် ရာထူးအဆင့်ရှိတဲ့ ရဲဝန်ထမ်း ၁ ဦးဟာ မြို့ဝင်ဆိုင်းဘုတ်အနီး ကင်းလှည့်နေချိန် သေနတ်နဲ့ ၃ ချက်ပစ်ခံရတဲ့အတွက် ကျည်ဆံထိမှန် ဒဏ်ရာတွေရခဲ့တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #တန့်ဆည် # ရဲ၂ယောက်ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW