မုံရွာနယ် လယ်ဇင်ရွာမှာ လူ ၈ ဦး အဖမ်းခံရ

စက်တင်ဘာ ၅ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ(VOM)
 
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် လယ်ဇင်စံပြကျေးရွာကိုရောက်နေတဲ့ လူတွေနဲ့ပတ်သက်ပြီး အဖမ်းခံလိုက်ရတယ်လို့ လယ်ဇင်စံပြကျေးရွာဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
 
” ရွာခံ လူ ၆ ယောက်နဲ့ ရွာကိုရောက်နေတဲ့ လူ ၂ ယောက် အားလုံး ၈ ယောက် အဖမ်းခံရတာဖြစ်ပြီး အဲ့ဒီ ၈ ယောက်ထဲမှာ ရွာက ကလေး ၁ ယောက်က အသက် ၁၈ နှစ်မပြည့်သေးဘူး ” လို့ လယ်ဇင်စံပြကျေးရွာခံ တစ်ယောက်က ပြောပါတယ်။
 
ဒါ့အပြင် လယ်ဇင်စံပြကျေးရွာ ပဒေသာကွက်သစ်မှာနေတဲ့ ဒေသခံ တစ်ယောက်က ” မနေ့က နေ့ခင်းပိုင်းမှာ စစ်ကားနဲ့ ရဲကား ၁၀ စီးလောက်ရွာထဲကို ရောက်လာတယ် ၊ ရွာက လူတွေလည်း ကြောက်လို့ နီးစပ်ရာ တောထဲကို တိမ်းရှောင်နေကြတုန်း ရွာက ကလေးတွေ အဖမ်းခံလိုက်ရတာဖြစ်တယ် ၊
ဘာကြောင့် အဖမ်းခံရတယ်ဆိုတာ အခုထိတော့ ဂဃနဏ မသိရသေးဘူး သတင်းအရ ဖမ်းတယ်ဆိုတော့ သတင်းပေး တိုင်တန်းခံရလို့ ဖြစ်မယ် ” လို့ ပြောပါတယ်။
 
လယ်ဇင်စံပြကျေးရွာဟာ မုံရွာမြို့ရဲ့ အရှေ့တောင်ဘက် ၃ မိုင်အကွာလောက်မှာ တည်ရှိပြီး ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက အဲ့ဒီရွာက စာသင်ကျောင်းမှာ ဆရာ ဆရာမလိုအပ်ချက်ကြောင့် ကုသိုလ်ဖြစ် စာသင်ကြားပေနေတဲ့ မုံရွာတက္ကသိုလ် ပထမနှစ်ကျောင်းသူ လယ်ဇင်ရွာခံ မိန်းကလေး ၁ ယောက် သေနတ်နဲ့ ပစ်သတ်ခံရတဲ့ဖြစ်စဥ်ရှိခဲ့ပါသေးတယ်။
 
ဒါ့အပြင် အဲ့ဒီ လယ်ဇင်ရွာရဲ့ ဇရပ်ပေါ်မှာ ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းက အမျိုးသား ၂ ယောက် အသတ်ခံရတဲ ၂ လောင်းပြိုင် လူသတ်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။
 
အဲ့ဒီ လယ်ဇင်ရွာက လူ ၈ ဦး ဖမ်းတာနဲ့ ပတ်သက်ပြီး သိလိုတဲ့အတွက် တကစရုံးကို မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမယ့် အခုချိန်အထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။
 
#voiceofmyanmar #vom #VOM #လယ်ဇင်

Related posts

Leave a Comment

VOM News

FREE
VIEW