ကြံဈေးကောင်းပေမယ့် ကြံတောင်သူတွေလုပ်အားခရှုံးနေ

စက်တင်ဘာ ၁၆-၂၀၂၁
GH ( VOM )
 
အခုနှစ်၂၀၂၁ – ၂၀၂၂ ခုနှစ်ကြံစိုက်ရာသီမှာ ကြံတစ်တန်ကို အမြင့်ဆုံးစျေး ၅သောင်းကနေ ၅သောင်း၅ထောင် ကျပ်နဲ့ ဝယ်ယူသွားမယ်လို့ သကြားစက်ရုံတွေက တောင်သူတွေကို မနေ့ စက်တင်ဘာ ၁၅ ရက်နေ့မှာ ထပ်မံအသိပေးကြေညာလိုက်ပါတယ်။
 
ဒါပေမဲ့ ကြံတစ်တန် ၅၀၀၀၀၊ ၅၅၀၀၀ ကျပ်ဆိုတာ တောင်သူတွေအတွက် စရိတ်ကာမိရုံလောက်သာရှိနိုင်ကြောင်း၊ ဒီနှစ်မှာက စိုက်ပျိုးရေးသွင်းအားစုတွေဖြစ်တဲ့ မြေသြစာ၊ ပိုးသတ်ဆေး အပါအဝင် ဆေးတွေက အရင်နှစ်တွေထက် ထက်ဝက်နီးပါးစျေးနူန်းမြင့်တက်လာပြီး စိုက်ပျိုးစရိတ်ကြီးမြင့်တာကြောင့်ဖြစ်တယ်လို့ တောင်သူတွေကပြောပါတယ် ။
 
” ဒီနှစ်ကြံတစ်တန်သာ ၅၀၀၀၀ ၊ ၅၅၀၀၀ ဆိုရင်တောင် အရင်နှစ် ၄၃၀၀၀ လောက်အဆင်ပြေပါ့မလား မပြောတတ်ဘူး ၊ အခုနှစ်က ဝယ်သုံးရတဲ့ စက်မောင်းဆီ၊ မြေဆီ၊ စက်ပစ္စည်းဖိုး၊ မြေသြဇာ ၊ ပိုးသတ်ဆေး အကုန်စျေးတက်ကြီးပဲ။စိုက်ပျိုးစရိတ်က အခုနှစ်ကြီးတယ် ၊ အားလုံးစျေးကအကုန်တက်တယ်” လို့ ကြံစိုက်တောင်သူတစ်ဦးကပြောပါတယ်။
 
ကြံတစ်တန် ၅၅၀၀၀ ကျပ်နဲ့ဝယ်ယူမယ့်အကြောင်းကို ရှမ်းပြည်နယ်၊ မိုင်းရယ် သကြားစက်ရုံက စတင်ကြေညာလိုက်တာဖြစ်ပြီး ကျန်တဲ့စက်ရုံတွေကတော့ ၅၀၀၀၀ နဲ့ဝယ်ယူမှုရှိသလို ၊ ၄၈၀၀၀ ကျပ်နဲ့စျေးဖွင့်ထားတာတွေလည်းရှိတယ်လို့ သိရပါတယ်။
 
အဲ့ဒိစျေးနူန်းတွေဟာ စက်ရုံအရောက်စျေးနူန်းဖြစ်ပြီး ၊ ကြံတစ်တန် ၅၅၀၀၀ ကျပ်နူန်းကတော့ ပြည်တွင်း ကြံစိုက်ရာသီကာလတစ်လျှောက်မှာ အမြင့်ဆုံးနူန်းထားဖြစ်တယ်လို့ သိရပါတယ်။
 
မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်လုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဌ ဦးဝင်းဌေးက “သွင်းအားစုတွေကလည်းစျေးတက်တော့ ဒီလောက်စျေးပေးမှလည်း အဆင်ပြေတာပေါ့။ စက်ရုံပိုင်းကလည်း ဒေါ်လာစျေးနဲ့ချင့်ချိန်ပြီးလုပ်တဲ့အနေအထားရှိတာပေါ့။ နိုင်ငံတကာစျေးကလည်း အရင်တုန်းက ၃၅၀ လောက်ရှိတာကနေ တစ်တန်ကို ခု ၅၀၀ လောက်ထိတက်လာတယ်။ကမ္ဘာ့စျေးနဲ့တပြေးညီဖြစ်နေတဲ့အနေအထားပေါ့။ တောင်သူတွေရော ၊သကြားစက်ပိုင်သူတွေရော အတွက် ဒီစျေးကအဆင်ပြေတဲ့စျေးတစ်ခုပါပဲ။ ” လို့ ပြောပါတယ်။
 
ပြည်တွင်း ကြံစိုက်ပျိုးမှုအများဆုံးကတော့ ရှမ်းပြည် မြောက်ပိုင်း နဲ့ တောင်ပိုင်း ၊ ပဲခူးတိုင်းအရှေ့ပိုင်းနဲ့ အနောက်ပိုင်း ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း ၊ မန္တလေးတိုင်း နဲ့ ရန်ကုန်းတိုင်းထဲက ဥက္ကံမြို့မှာ စိုက်ပျိုးမှုတွေရှိနေပါတယ်။
 
#voiceofmyanmar #VOM #ကြံဈေး #တောင်သူလုပ်အားခ

Related posts

Leave a Comment

VOM News

FREE
VIEW