မုံရွာ -ဂန့်ဂေါ -ကလေး ကားလမ်းမှာ မိုင်းအန္တရာယ်တွေကြောင့် သွားလာဖို့ မသင့်သေးဘူးလို့ လုပ်ငန်းရှင်တွေမှတ်ချက်ပြု

စက်တင်ဘာ ၊ ၁၇ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
မကွေးတိုင်း ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ် မြောက်ပိုင်း ဂန့်ဂေါ ကလေး ကားလမ်းမှာ မိုင်ပေါက်ကွဲပြီး ခရီးသွားကားတချို့ ထိခိုက်ပျက်စီးတာတွေနဲ့ လူတချို့ဒဏ်ရာရ သေဆုံးနေတာတွေရှိလာတဲ့အတွက် သွားလာဖို့ မသင့်သေးဘူးလို့ မုံရွာ ကလေး တမူး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေက ပြောဆိုကြပါတယ်။
 
” ဂန့်ဂေါ ကလေး ကားလမ်းပိုင်းက အရင်းအနှီး သိပ်ကြီးတယ် ၊ ထိခိုက်မှု တစုံတခုအတွက် ကုစားဖို့ အချိန်မမီနိုင်ဘူး ၊ လမ်းဘေးမိုင်းတွေရှိနေတယ်လို့ ကြားရတော့ အန္တရာယ်များတဲ့အတွက် ကားတွေမထွက်ပဲ နားထားရတယ် ” လို့ မုံရွာ ကလေး တမူး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။
 
ဒီရက်ပိုင်းမှာ လမ်းဘေးမိုင်းတွေ မကြာခဏ ပေါက်ကွဲတာတွေဖြစ်နေတဲ့
မုံရွာ ဂန့်ဂေါ ကလေး ကားလမ်းဟာ မြန်မာနိုင်ငံရဲ့ အနောက်မြောက် နယ်စပ်ကုန်သွယ်ရေး ကိစ္စတွေမှာ အဓိကထား အသုံးပြုနေရတဲ့ ပင်မ လမ်းကြောင်း တခုဖြစ်ပါတယ်။
 
” မုံရွာကနေ ကလေး တမူးကိုသွားလို့ရတဲ့ လမ်းကြောင်း ၃ ခုရှိတယ် ၊ မုံရွာ -ရေဦး -တန့်ဆည် -ကလေးဝ၊ မဟာမြိုင်လမ်းကြောင်း ၊ မုံရွာ -ယာကြီး -ကလေးဝ-မင်းကင်း-တောင်တွင်းချောင် လမ်းပိုင်းနဲ့ မုံရွာ -ဂန့်ဂေါ -ကလေး ကားလမ်းပိုင်းဆိုပြီးဖြစ်ပါတယ်။
မုံရွာ -ဂန့်ဂေါ -ကလေး ကားလမ်းပိုင်းက ရာသီမရွေးသွားလာလို့ရတယ် ၊ ကျန်တဲ့ လမ်းပိုင်း ၂ ခုကတော့ ရာသီရွေးတယ် အခုလို မိုးရာသီတွေမှာ လမ်းပျက်စီးတာတွေ ရှိတတ်တဲ့အတွက် ကားသမားတွေက ရှောင်ကြတယ် ” လို့ မြန်မာ အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်က ပြောပါတယ်။
 
ဒါ့အပြင် အခုလ ၁၅ ရက်နေ့က ကလေးမြို့ကနေ မန္တလေးမြို့ကို ကားပြင်ဖို့ထွက်လာတဲ့ ကုန်မပါတဲ့ ၁၂ ဘီးကားဟာ ဂန်.ဂေါမြို့နယ် ၊ ဘော်ပြင်းရွာလမ်းခွဲနဲ့ ဂန့်ဂေါ -ဟားခါး -ကလေး လမ်းခွဲအကြား မိုင်းထိပေါက်ကွဲ မီးလောင်ပြီး ယာဥ်မောင်းသေဆုံးခဲ့ပါတယ်။
 
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကလေးမြို့က ရန်ကုန်ကိုထွက်ခွာလာတဲ့ ဟိုက်ကလပ် ခရီးသည်တင် မှန်လုံကား ၁ စီး မုံရွာ -ဂန့်ဂေါ -ကလေး ကားလမ်း ပုလဲမြို့နယ်အနောက်ဘက် သပြေကုန်းရွာနဲ့ ဦးနှောက်ရွာအကြား မိုင်း ၃ လုံး ပေါက်ကွဲထိမှန်တဲ့အတွက် ကားရဲ့ဘေးပတ်လည်က လေကာမှန်တွေကွဲပြီး ကားပေါ်ပါ ခရီးသည် ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။
 
အဲ့ဒီ ဖြစ်စဥ်တွေတင်မကပါဘူး ၊ ပြီးခဲ့တဲ့ သြဂုတ်လထဲကလည်း ဂန့်ဂေါ ကလေး ကားလမ်း မွှေ့လယ်ရွာနဲ့ နှမ်းခါးရွာအကြား ရဲလှရွာလမ်းခွဲအနီးမှာ ဆောက်လုပ်ရေး ကားမိုင်းထိမှန်တဲ့အတွက် ကားပေါ်ပါ ဆောက်လုပ်ရေး လုပ်သား ၅ ယောက် ဒဏ်ရာရခဲ့ပါသေးတယ်။
 
အဲ့ဒီ ဆောက်လုပ်ရေးကား မိုင်းထိတဲ့နေရာဝန်းကျင်မှာ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့က လစာထုတ်ပြန်လာတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၊ ကျောင်းအုပ်ဆရာမ သူနာပြုဆရာမနဲ့ ရွာစာရေး အပါအဝင် လူ ၅ ယောက် သေနတ်နဲ့ ပစ်သတ်ကာ ကားရော အလောင်းတွေပါ မီးရှို့ခံရတဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့ပါတယ်။
 
အဲ့ဒါကြောင့် မုံရွာ ဂန့်ဂေါ ကလေး တမူး ကုန်စည်ပို့ဆောင်ရေးနဲ့ ခရီးသည်တင်ကားတွေဟာ အခုလတ်တလော ယာယီနားထားကြတာကြောင့် တခြား အိမ်စီးကားနဲ့ ယာဥ်တွေ သွားလာဖို့ မသင့်သေးဘူးလို့ ကားလုပ်ငန်းရှင်တွေက သုံးသပ်ကြပါတယ်။
 
#voiceofmyanmar #VOM #မုံရွာ-ဂန့်ဂေါ-ကလေးကားလမ်း

Related posts

Leave a Comment

VOM News

FREE
VIEW