ဝန်းသို – ပင်လည်ဘူးလမ်းပေါ်က ဗိုက်ကြီးသည်မတံတား ပေါက်ကွဲမှုဖြစ်ပြီး လူ ၂ ဦး သေဆုံး

စက်တင်ဘာ ၊ ၁၇ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ဝန်းသိုမြို့နယ်၊ မန်ကျည်ကုန်းကျေးရွာအုပ်စု ၊ လေဘိုကျေးရွာအနီး ဝန်းသို – ပင်လည်ဘူး ကားလမ်း ဗိုက်ကြီးသည်မ ချောင်းကူးတံတားမှာ ဒီကနေ့ နေ့လယ်ပိုင်းက မိုင်းပေါက်ကွဲတာကြောင့် လူ ၂ ဦး သေဆုံးခဲ့တယ်လို့ ဝန်းသိုနယ်ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” တံတားအမှတ် ၁ / ၂၅ ဗိုက်ကြီးသည်မတံတားလို့ခေါ်တယ် ၊ အဲ့ဒီနေရာမှာ ၁၂ နာရီကျော်လောက်က ဖြစ်တာပါ၊ ပေါက်ကွဲတဲ့နေရာမှာ မိုင်းစထိမှန် ဒဏ်ရာတွေနဲ့ လူ ၂ ယောက်တွေ့ရတယ် ၊ ၁ ယောက်က သေနေပြီ ၊ ကျန် ၁ ယောက်ကတော့ သတိမရတော့ဘူး ၊ ဆေးရုံကိုပို့ရင်း လမ်းမှာသေသွားတယ် ၊ အဲ့ဒီ သေတဲ့ လူ ၂ ယောက်စလုံးက ဘယ်ကမှန်း မသိရသေးဘူး စုံစမ်းနေတုန်းပဲ ” လို့ ဝန်းသိုလူမှုကူညီရေး စေတနာ့ဝန်ထမ်းတစ်ယောက်က ပြောပါတယ်။
 
အဲ့ဒီ ပေါက်ကွဲတာတွေဖြစ်ပြီးနောက် ရဲနဲ့ စစ်သားတွေရောက်လာပြီး ပေါက်ကွဲတဲ့နေရာဝန်းကျင်ကို နယ်ခံလူတွေနဲ့ ရှင်းလင်းရေးတွေလုပ်တဲ့အခါ နိုင်လွန်ကြိုး ၁ ခွေနဲ့ လက်ကိုင်ဖုန်း ၁ လုံး တွေ့ခဲ့ရတယ်လို့ ရွာခံတွေရဲ့ အပြောအရ သိရပါတယ်။
 
” သေဆုံးသွားတဲ့ လူ ၂ ယောက်က ဒီနယ်က မဟုတ်လောက်ဘူး ၊ ခရီးသွားပုံစံနဲ့လည်း မတူဘူး” လို့ လေဘိုရွာဒေသခံတစ်ယောက်က ပြောပါတယ်။
 
ဒါ့အပြင် အဲ့ဒီ ပေါက်ကွဲမှုကြောင့် လမ်းသွားလာမှု ပိတ်ဆို့ရပ်တန့်တာတွေ မရှိဘူးလို့လည်း သိရပါတယ်။
 
#voiceofmyanmar #VOM #ဝန်းသို #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW