မန္တလေးရောက်လျှင် ဘယ်နှပြ လမ်းလျှောက်ကြမလဲ

ဆူးငှက်

ရတနာပုံမြို့တည် နန်းတည် သတ္တဌာနမှာပါဝင်သည့် ကျုံးမြို့ရိုး အပါအဝင်၄၈ ရပ်သော ပြာသာဒ်များကား မန္တလေးမြို့၏ ထင်ရှားသော အမှတ်အသားဖြစ်ပါ၏။

ကျုံးမြို့ရိုးနှင့် ၄၈ ရပ်ပြာသာဒ်များတွင် ဓာတ်တံခါး၊ မိတ်တံခါးများဖြင့် ခွဲထားသည်။ အဆိုပါ တံခါးပြာသာဒ်များ ကြားတွင်လည်း ပြအိုးပြသာဒ်များရှိသေးသည်။ ထို့ကြောင့် ရွှေမြို့တော်ကြီး လေးဘက်လေးတန်တွင် ဓာတ်တံခါးကြီး ၄ပေါက်၊ မိတ်တံခါး ၈ပေါက်၊ ပြအိုးပြာသာဒ် ၃၂ဆောင်၊ ထောင့်ပြာသာဒ် ၄ဆောင် စုစုပေါင်း ၄၈ရပ်ပြာသာဒ်
အဆောင်ပေါင်းရှိသည်။

တစ်ဖက်မှာ အရှည် တာ ၆၀၀ (၁မိုင်၂ဖာလုံ၅၅ကိုက်) ရှိပြီး၊ အမြင့် ၂၇ပေ၊ ထု ၁၀ ပေရှိသော အုတ်မြို့ရိုးကြီး၏ အလယ်ခေါင်တည့်တည့်က ဓာတ်တံခါးဖြစ်သည်။ ပြာသာဒ်က ဘုံခုနှစ်ဆင့်ရှိသည်။ ၄ မျက်နှာမှာ ဓာတ်တံခါးက ၄ပေါက်ရှိသည်။

အရှေ့ဖက်မှာ ဦးထိပ်တံခါး၊ တောင်ဖက်မှာ ကျော်မိုးတံခါး(မင်္ဂလာတံခါး) အနောက်ဖက်မှာ စည်ရှည်တံခါး၊ မြောက်ဖက်မှာ လေးသိန်းတံခါးတို့ ဖြစ်သည်။ ထို ဓာတ်တံခါးများ၏ တစ်ဖက်တစ်ချက်မှာ မိတ်တံခါးတစ်ပေါက်စီရှိသည်။ ပြာသာဒ်ဘုံက ၅ ဆင့်ဖြစ်သည်။ မိတ်တံခါးများမှာ အရှေ့မြောက်အရပ်က စလျှင် လွန်ကဲတံခါး၊ သောင်းညွတ်တံခါး၊ ကျွန်းလုံးယူတံခါး၊ ရန်နည်းတံခါး၊ ကြေးမုံတံခါး၊ ထင်ရှားတံခါး၊ စည်သာတံခါး၊ မန်းဦးတံခါးတို့ဖြစ်သည်။

ဓာတ်တံခါးနှင့် မိတ်တံခါးများအကြား ပြအိုးပြာသာဒ် ၂ဆောင်စီရှိသည်။ ထောင့်လေးထောင့်တွင်လည်း ထောင့်ပြာသာဒ်တွေရှိသေးသည်။ ထို့ကြောင့် ဓာတ်တံခါး၊ မိတ်တံခါး၊ ပြအိုးပြာသာဒ်၊ ထောင့်ပြာသာဒ်များ အသီးသီးကြား အကွာအဝေးကို တစ်ပြဟု သုံးနှုန်းသည်။

မြို့တွင်းလမ်းများကိုလည်း ထိုပြာသာဒ်များနှင့် တည့်တည့် တစ်ညီတည်းဖောက်သောကြောင့် လမ်းအကွာအဝေးကိုလည်း ပြနှင့် ပြာဆိုသည်။

မြို့တော်တွင်း၌ တာ ၅ဝ လျှင် တစ်ပြ (ပေ ၅၅ဝကျာ်)ဖြင့် အရှေ့၊ အနောက်၊ တောင်၊ မြောက် ၁၂ ပေစီဖြင့် စတုရန်းပြကွက်ကြီးပေါင်း ၁၄၄ ကွက် လျာထားသည်။ မြို့ပြင်၌လည်း ယင်း အတိုင်းအထွာပြများအတိုင်း လမ်းများဖောက်ကာ အရှေ့၊ အနောက်၊ တောင်၊ မြောက် ကန့်လန့်ဖြတ် လမ်းများဖြင့် စတုရန်းပုံ ဝင်းကြီးများကို ဖွဲ့စည်းသည်။

မန္တလေးတောင်တော်၏ အရိပ်ကို ခိုလှုံသည့် နိမိတ်ကိုဆောင်သည့်အနေဖြင့် နန်းမြို့တော်က မြောက်ဖျား မန္တလေးတောင်ခြေ၌ တည်ရှိပြီး မြို့၏ အခင်းအကျင်းက တောင်မြောက်အလျား ခြောက်မိုင်ခွဲခန့်၊ အရှေ့အနောက် အနံလေးမိုင်ခန့်ရှိသောကြောင့် စတင်တည်စဉ်က မန္တလေး၏ အကျယ်အဝန်းမှာ ဧရိယာ စတုရန်းမိုင် ၂၄.၆၅ ခန့် ရှိသည်။

မြို့ကိုလးပြင်လေးရပ် ခွဲခြားသတ်မှတ်ကာ အရပ်ဦးရေ ၅၄ ဌာန ကို အမည်သမုတ်ခေါ်တွင်စေခဲ့၏။ နန်းတော်ကို ဗဟိုပြု၍ နန်းမြို့ရိုး၏ အရှေ့ဘက်ပိုင်းကို အရှေ့ပြင်၊ အနောက်ဘက်ကျသော အပိုင်းကို အနောက်ပြင်၊ မြောက်ဘက်ကျသော အပိုင်းကို မြောက်ပြင်ဟု အကြမ်းဖျဉ်း သတ်မှတ်သည်။

အရှေ့ပြင်တွင် ရပ်ကွက်ကြီး ခုနစ်ကွက်၊ တောင်ပြင်တွင် ရပ်ကွက်ကြီး ၁၃ ကွက်၊ အနောက်ပြင်တွင် ရပ်ကွက်ကြီး ၂၉ ကွက်နှင့် မြောက်ပြင် တွင် ရပ်ကွက်ကြီး ငါးကွက်ဖြင့် ဖွဲ့စည်းထားပြီး စုစုပေါင်းရပ်ကွက် ၅၄ ကွက်ရှိသည်။ ၅၄ ကွက်စလုံးလည်း လှပခံ့ညား နန်းဆန်သော နာမည်များပေးခဲ့၏။ ယခုသော် ထိုရပ်ကွက်များမှာမူ နာမည်များ တိမ်မြုပ်ပျောက်ကွယ်သွားကြ၏။

ဥပမာ- ဝိဇယမဟီ၊ ဇေယမင်္ဂလာ၊ ဘူမိဇေယာ၊ ဇမ္ဗူ့ကြငှန်း၊ တုလွတ်ရန်အောင်၊ ဘေးမဲ့လွတ်ရှောင်၊ ကျွန်းလုံးကြေညာ၊ ဘုန်းတော်ရောင်၊
မြကျွန်းတန်ဆောင်၊ မြနန်းအောင်မြေ၊ မြနန်းစံရာ၊ မြနန်းဘုံသာ၊ မြကျွန်းမြေငူ ဟူသည့်အမည်နှင့် ရပ်ကွက်များဖြစ်သည်။ ၅၄ ကွက်သော ရပ်ကွက်ကြီးများ အပါအဝင် လေးပြင်လးရပ်ဖြင့် ဖွဲ့စည်းထားသည်။

မြို့ကြီးကို ထု ၁ဝ တာ (ပေ ၁၂ဝ နီးပါး)၊ ထိပ်ပြင် ခြောက်တာ (ပေ ၇ဝကျာ်)၊ အမြင့် သံ ၁ဝ တောင် (၁၈ ပေနီးပါး) ရှိပြီး တံခါး ၅၇ ရပ် ပါဝင်သည့်အပြင် မန်းမြို့ရိုးကြီးဖြင့် ကာဆီးထားသည်။

မန္တလေးတွင် ကျန်းမာရေးအရ လမ်းလျှောက်ကြရာတွင် မင်းတုန်းမင်းကြီး ကျေးဇူးတော်ကြောင့် ကျုံးဘေးတစ်လျှောက် အေးချမ်းဖြောင့်ဖြူးစွာ လမ်းလျှောက်နိုင်ကြသည်။ ထိုသို့ လျှောက်ကြရာတွင် တောင်ဘက် ကျုံးလမ်းနှင့် အရှေ့ကျုံးလမ်းတွင် အများဆုံးလျှောက်ကြ၏။ အရှေ့ကျုံးလမ်းက ပိုမိုအေးချမ်းကာ လမ်းလျှောက်၍ ကောင်းသည်။

ကျုံးဘေးလမ်းလျှာက်ကြရာ၌ မိမိလျှောက်ခဲ့သော၊ လျှောက်နိုင်သော အကွာအဝေးကိုလည်း လွယ်လင့်တကူ မှတ်သားပြောဆိုနိုင်လေသည်။

အနောက်ဘက် ကျုံးထောင့်မှ အရှေ့ကျုံးထောင့်ထိ လျှောက်လျှင်(၂)မိုင် လျှောက်ပြီးပြီ။ အရှေ့ကျုံးထောင့်မှ အရှေ့ကျုံးလမ်းအတိုင်းမြောက်ကျုံးထောင့်အထိ လျှောက်လျှင် (၂)မိုင်လျှောက်ပြီးပြီ။ ထို့ကြောင့် အနောက်ကျုံးထောင့်မှ အရှေ့ဘက်အတိုင်း မြောက်ကျုံးထောင့်အထိ လျှောက်လျှင် (၄)မိုင်။ အသွားအပြန် (၈)မိုင်လျှောက်ပြီးပြီ။ ကျုံးတစ်ပတ်ပတ်လျှင်လည်း (၈)မိုင်ဟု လွယ်လင့်တကူ သတ်မှတ်ပြောဆိုနေကြ၏။

တကယ်တော့ လွယ်လင့်တကူပြောဆိုနေကြသော ထိုအကွာအဝေးက မမှန်ပါ။ မှားယွင်းပါသည်။ နန်းမြို့တော်ကြီးကို စတင်တည်ဆောက်စဉ်က သာသနာတော်(၂၄၀၀) ပြည့်နှစ်တွင် စတင်တည်ဆောက်ခဲ့သည် ဟု ဥဒါန်းတွင်ရစ်ရန်အတွက် ပညာရှိတို့က နန်းမြို့တော်(၄) မျက်နှာကို
တာ(၂၄၀၀) အပြည့် စီရင်ခဲ့သည်။ စတုရန်းပုံ နန်းမြို့ကြီးမို့ မြို့ရိုးအနား တစ်ဘက်လျှင် တာ(၆၀၀)စီ အညီအမျှ ရှိခဲ့၏။ မြန်မာ အတိုင်းအထွာ စံ၊စံနစ်အရ တစ်တာလျှင်(၇)တောင်၊ တစ်တောင်လျှင်
၁၉လက်မ(သံတောင်)အဖြစ် သတ်မှတ်ထားသဖြင့် တာ(၆၀၀)သည် (၂၂၁၆) ကိုက်မျှရှိလေသည်။

သို့ရာတွင် ၁လက်မလျှင် ၃၅ကိုက်စကေးဖြင့် ရေးဆွဲထားသော မန္တလေးမြို့တော်ပုံကို တိုင်းတာကြည့်သောအခါ (၂၂၅၀)ကိုက်မျှ ရှိသည်ဟုဆို၏။ ထို့ကြောင့် မြို့ရိုးတစ်ဖက်လျှင် ၁မိုင်၂ဖာလုံ ၅၅ကိုက် ရှိသည်။ ဤအတိုင်းအထွာအရဆိုလျှင် မန္တလေးမြို့၏ တစ်ပြဆိုသော အကွာအဝေးသည် ၁၈၇.၅ ကိုက်ရှိမည်။ ပြအားဖြင့် ၅၆၂ .၅ ပြရှိမှာပေါ့။ ထို့ကြောင့် တစ်ပြလမ်းလျှောက်လျှင် ကိုက်၁၈၀နီးပါး လျှာက်ခြင်းဖြစ်သည်။

ကိုင်း.. မန္တလေးရောက်လျှင် ဘယ်နှပြ လမ်းလျှောက်ကြမလဲ မိတ်ဆွေ…။

#voiceofmyanmar #VOM #ဆူးငှက် #မန္တလေးရောက်ရင်ဘယ်နှပြလမ်းလျှောက်ကြမလဲ

Related posts

Leave a Comment

VOM News

FREE
VIEW