ရန်ကုန်-မန္တလေး အမှတ် ၁၂ ရထားသွားနေချိန် ပေါက်ကွဲမှုဖြစ်လို့ ခရီးသည်တွေကို ကားနဲ့တဆင့်ပို့ခဲ့ရ

စက်တင်ဘာ ၁၉ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
ရန်ကုန်-မန္တလေး ခရီးသည် အမြန်ရထားတစီးဖြတ်သန်းနေချိန် ဒီကနေ့မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပြီး မိုင်းထိမှန်တဲ့အတွက်ကြောင့် ရထားမထွက်တော့ဘဲ ရထားပေါ်က ခရီးသည်တွေကို ကားနဲ့တဆင့်ပို့ဆောင်ပေးခဲ့ရတယ်လို့ မီးရထားအသိုင်းအဝိုင်းကနေ သိရပါတယ်။
 
အဲ့ဒီ မိုင်းထိမှန်တဲ့ရထားဟာ မနေ့ စက်တင်ဘာ ၁၈ ရက်နေ့က ရန်ကုန်ကနေ မန္တလေးကို ထွက်ခွာလာခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာ စဥ့်ကိုင်မြို့ ၊ ပတ္တာကျေးရွာ အနီးမိုင်တိုင်အမှတ် ၃၆၅/ ၄ နဲ့ ၅ အကြားနေရာမှာ ပေါက်ကွဲမှုဖြစ်ပြီး မိုင်းထိမှန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
” ရထားခရီးစဥ်က အမှတ် ၁၂ အဆန် အမြန်ရထားဖြစ်ပါတယ် ၊ မိုင်းထိမှန်တာကြောင့် ရထားအရှေ့ပိုင်းက ဘန်ပါ ပျက်စီးတယ် ၊ ရထားစက်ခေါင်းမောင်း စက်ဗိုလ်လည်း ထိမှန် ဒဏ်ရာရတယ် ၊ ဒဏ်ရာက မများပါဘူး ၊ သံလမ်းလည်း ၂ ပေ ဝန်းကျင်လောက် ပျက်စီးသွားတယ် “လို့ ရထားဝန်ထမ်းတစ်ဦးက ပြောပါတယ်။
 
အဲ့ဒါကြောင့် မိုင်းထိမှန်တဲ့ ရထားဟာ ရှေ့ဆက်မသွားတော့ဘဲ ရထားပေါ်က ခရီးသည်တွေကို ကားနဲ့တဆင့် မန္တလေးဘူတာကြီးဆီ ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် အခုလ ၁၅ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ် ၊ ထန်းတပင်ဘူတာနဲ့ ညောင်ဇင်းဘူတာအကြားက မန္တလေး-မြစ်ကြီးနား လမ်းပိုင်း မိုင်တိုင်အမှတ် ၄၇၃ / ၄ နဲ ၆ အကြား တံတားအမှတ် ၁၅၉ မှာ မိုင်းကွဲခဲ့တဲ့အတွက် ချောင်းကူးတံတား ၁ စင်း အပါအဝင် မီးရထားလမ်းတချို့ ပျက်စီးသွားခဲ့တဲ့ ဖြစ်စဥ်တခုလည်း ဖြစ်ခဲ့ပါသေးတယ် ။
 
# voiceofmyanmar #VOM #ကော့မှူး

Related posts

Leave a Comment

VOM News

FREE
VIEW