အရာတော်မြို့နယ်ထဲက ကျေးရွာပေါင်း (၁၅) ရွာကို စစ်တပ်က ပြောင်းရွှေ့ခိုင်း

စက်တင်ဘာ ၂၃-၂၀၂၁
ထွန်းတောက်(VOM)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ထဲက ကျေးရွာပေါင်း (၁၅) ရွာကို ရွှေ့ပြောင်းပေးဖို့အတွက် စစ်တပ်က လက်ကမ်းစာစောင်တွေဝေသလို အရာတော်မြို့ပေါ်မှာလည်း အသံချဲ့စက်နဲ့ လိုက်လံကြေညာနေတယ်လို့ သိရပါတယ်။

ရွှေ့ပြောင်းခိုင်းတဲ့ရွာတွေဟာ ကြွေပုဂံ တောင်ရွာ၊မြောက်ရွာ၊ ကန်ရင်း၊ မလဲသာ၊ နောင်ကြီးအိုင်၊ မကျီးကန်၊ မင်းရွာ၊ ကဲဘာ၊ ဆင်တလည်၊ ညောင်ခြေထောက်၊ ကိုင်းရွာ၊ ထန်းတောကုန်း၊ ဘောင်းကျ၊ ရှောက်ခါး၊ ရဲကျင်း ရွာတို့ဖြစ်ပြီး အဲ့ဒီရွာတွေမှာ လက်နက်ထုတ်လုပ်တာတွေ၊ PDF အဖွဲ့တွေရှိနေတာကြောင့် နိုင်ငံတော်နဲ့ ရပ်ရွာတည်ငြိမ်အေးချမ်းရေးအတွက် ရွှေ့ပြောင်းခိုင်းတာဖြစ်တယ်လို့ လက်ကမ်းစာစောင်တွေမှာ ရေးသားထားတာဖြစ်ပါတယ်။

ရွှေ့ပြောင်းရမယ့် ရွာတွေအနေနဲ့လည်း တိုင်းအစိုးရအစီအစဉ်နဲ့ သတ်မှတ်ပေးတဲ့နေရာကို ရွှေ့ပြောင်းရမှာဖြစ်တယ်လို့လည်း ရေးသားဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ‌ဒေသခံရွာသားတွေကတော့ လက်ရှိအခြေအနေအရ စစ်တပ်ကပြောင်းခိုင်းနေသလို ရွှေ့ပြောင်းရမယ်ဆိုရင် မဖြစ်နိုင်သေးကြောင်း ရွှေ့ပြောင်းဖို့သတ်မှတ်ပေးတဲ့နေရာမှာလည်း အရင်လိုနေထိုင်လုပ်ကိုင်စားသောက်ဖို့ မလွယ်ကူနိုင်တဲ့အတွက် တကမ်းတမ်း မဖြစ်မနေရွှေ့ပြောင်းခိုင်းခဲ့ရင် နီးစပ်ရာလုံခြုံတဲ့အရပ်ကိုပဲ တိမ်းရှောင်ရမှာဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။

ဒါ့အပြင် လက်ရှိမှာ စစ်တပ်ကရွာတွေကို ဘယ်အချိန်ဝင်ရောက်လာမယ်မှန်းမသိနိုင်တဲ့အတွက် ကြိုတင်တိမ်းရှောင်နေကြပြီး ရာသီပေါ်အလုပ်တွေလည်း ကောင်းကောင်းမွန်မွန်လုပ်နိုင်ခြင်းမရှိသေးဘူးလို့ ရွာသားတဦးကပြောပါတယ်။

#voiceofmyanmar #VOM #အရာတော်

Youtube Link – https://youtu.be/nVSyTlFwM1k

Related posts

Leave a Comment

VOM News

FREE
VIEW