စက်သုံးဆီ ပြတ်လပ်မှုမရှိနိုင်ပေမယ့် ချွေတာဖို့လိုတယ်လို့ ပညာရှင်တွေ သုံးသပ်

စက်တင်ဘာ ၃၀-၂၀၂၁
GH ( VOM )
 
ပြည်တွင်းရဲ့ စက်သုံးဆီစျေးကွက်ဟာ ဒီနေ့ စက်တင်ဘာလ ၃၀ရက်မှာဆိုရင် 92 တစ်လီတာကို ၂၀၀၀ ကျပ်အထိ ရှိလာပြီး 95?တစ်လီတာကို ၂၀၀၀ ကျော်အထိ ဆိုင်တွေက ရောင်းချလာတာကို တွေ့ရပါတယ်။
 
စက်သုံးဆီ ဆိုင်တချို့ ယာယီပိတ်မယ်၊ စက်သုံးဆီပြတ်လတ်နိုင်မယ် ဆိုတဲ့ သတင်းတွေကြောင့် မနေ့က ညနေကစပြီး ဆီဆိုင်တွေမှာ ဆီဖြည့်ဖို့ အလုအယက် စောင့်ဆိုင်းဝယ်ယူမှုတွေ ပြုလုပ်ပြီးနောက် ဆီအရောင်း ဆိုင်တွေက စျေးနူန်းမြင့်ရောင်းချလာကြတာဖြစ်တယ်လို့ သုံးစွဲသူတွေကဆိုကြပါတယ်။
 
” ကျနော်တို့ဘက်မှာ မနေ့က ထဲက ၉၂ က ၂၀၀၀ ဖြစ်နေတယ်။ ဆိုင်တွေကတော့ ရောင်းတာမတူဘူးပေါ့။ တချို့ဆိုင်ကလည်း ၁၈၅၀ ရောင်းတယ်။ ၁၈၀၀ လည်းရောင်းတယ်။ ခွဲတမ်းနဲ့ရောင်းတာစျေးလျော့ တယ်ဆိုလို့မေးတော့ မရပါဘူးဗျာ၊ သူတို့ဟာ ဘယ်သူကိုဘယ်အချိန်ရောင်းလိုက်လဲတော့မပြောတတ်ဘူး။ ခုဆိုင်ကယ်ဆို ၅၀၀၀ ဖိုးလောက်မှ ပြည့်မယ်၊ အရင်က ၁၅၀၀ ဆိုပြည့်တယ် ” လို့ ပြည်သူတယောက်က ပြောပြပါတယ် ။
 
တာဝန်ရှိသူတွေကတော့ စက်သုံးဆီစျေးတည်ငြိမ်ဖို့နဲ့ စျေးမတက်အောင်ဆိုပြီး တနိုင်ငံလုံးမှာဖွင့်လှစ်ထားတဲ့ အထဲက စက်သုံးဆီအရောင်းဆိုင် ၂၂၃ ဆိုင်ကို လျှော့စျေးနဲ့ ခွဲတမ်းပုံစံ ရောင်းချပေးနေပေမယ့်လည်း စက်သုံးဆီစျေးကတော့ တနေ့ထက်တနေ့ မြင့်တက်လာနေဆဲဖြစ်ပါတယ်။
 
” ဒါတွေဟာ လတ်တလောဖြစ်ပေါ်နေတဲ့ ဒေါ်လာစျေးမတည်ငြိမ်မှု ၊ စက်သုံးဆီစျေး မတည်မငြိမ်မှုတွေကြောင့် ခုရက်ပိုင်းမှာစက်သုံးဆီက ကြိုက်ရောင်း ကြိုက်ဝယ်သဘောမျိုးဖြစ်ပြီး စျေးတွေ တက်နေတာဖြစ်တယ် ” လို့ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း အဖွဲ့ဝင်တယောက်က ပြောပါ တယ်။
 
ဒါပေမယ့်လည်း စျေးကွက်မှာတော့ စက်သုံးဆီ ပြတ်လတ်မှုမရှိနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ စိုးရိမ်စရာမရှိဘူးလို့ သူကဆိုပါတယ် ။
 
ခုလို တရိပ်ရိပ်နဲ့မြင့်တက်လာနေတဲ့ စက်သုံးဆီစျေးကို ထိမ်းနိုင်ဖို့ ဘယ်လိုနည်းလမ်းတွေရှိဦးမလဲ။ စီးပွားရေးပညာရှင် ဦးသန်းစိုး အကြံပြုပြောဆိုတာကတော့
 
“တကယ့်လောင်စာဆီအကြပ်အတည်းဖြစ်ရင်တော့ ခွဲတမ်းနဲ့သုံးရတယ်။ ကျနော်တို့သင်ခဲ့ရတဲ့သမိုင်း နိုင်ငံတကာသမိုင်းတွေမှာရောရှိခဲ့ပါတယ်။ ဒီတော့ ခွဲတမ်းနဲ့လည်းလုပ်ရမယ်၊စားသုံးသူဘက်ကလည်း ဓာတ်ဆီအသုံးလျော့ရမယ်၊ သွားတာလာတာပေါ့။ လောင်စာဆီနဲ့ ပတ်သက်ရင် ကားနှစ်စီးသုံးစီးရှိတဲ့သူတွေက ကားလျော့မောင်းတာမျိုး၊ နောက် အစိုးရကားတွေလည်း လျော့သုံးတာတို့။ အဲ့သလိုနှစ်ဘက်ကနေ မျှမျတတမလုပ်ရင်တော့ဖြစ်နေမှာဘဲ။ လောင်စာဆီကတော့ တကယ်ကိုရှားနေတာ၊ နိုင်ငံတကာမှာလည်း တကယ်ကိုရှားနေတာ။ ” လို့ စီးပွားရေးပညာရှင် သန်းစိုး(ဘောဂဗေဒ )က သုံးသပ်အကြံပြုတာဖြစ်ပါတယ်။
 
စက်သုံးဆီစျေးမြင့်တက်လာမှုနဲ့အတူ နောက်ဆက်တွဲအကျိုးဆက်က သယ်ယူပို့ဆောင်ရေး ပါတဲ့လုပ်ငန်းတွေ၊ အခြေခံစားသောက်ကုန်စျေးနူန်းတွေ တက်လာနိုင်တယ်လို့လည်း ဆိုပါတယ်။ ဈေးကွက်မှာ လောင်စာဆီ ပြတ်လပ်နိုင်သလားဆိုတဲ့ အမေးကိုတော့ အမည်မဖေါ်လိုတဲ့ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း အဖွဲ့ဝင်တယောက် ဖြေတာက
 
” ဆီပြတ်လတ်မှုတော့မရှိပါဘူး။ ဟိုးအရင်ကပြတ်တယ်ဆိုတာလည်း ရာသီဥတု ကြောင့် သင်္ဘောအဝင်နောက်ကျလို့ပဲရှိတယ်။ ပြတ်လတ်ဖို့တော့မရှိဘူး။ သင်္ဘောကျဲဝင်တာနဲ့၊ စုဝင်တာပဲကွာတယ်။ တခါတလေဆို တလကို ၁၉ စီးလောက်ဝင်တာရှိတယ်။ သြဂုတ်တုန်းကတော့အဝင်နည်းတယ်၊ ဒီလတော့အဝင်များပါတယ်။ ခုဖြစ်တာက လူမှုကွန်ယက်သတင်းတွေ၊ကောလဟာလတွေကြောင့်လည်း ဆီကိုအလုအယက်ဝယ်ကြပြီး ဆိုင်တွေကလည်း ပွဲစားတွေဆီကနေ ဆီတွေဝယ်တာကြောင့် စျေးတွေတက်လာတာဖြစ်တယ်” လို့ ဆိုပါတယ်။
 
တာဝန်ရှိသူတွေက လောင်စာဆီ မပြတ်လပ်ပါဘူးပြောပေမယ့် လက်ရှိအောက်ခြေဈေးကွက်မှာတော့ တကျောင်းတဂါထာ တရွာတပုဒ် ဆန်းဆိုသလို တဆိုင်နဲ့တဆိုင် ဈေးမတူပဲ အဝယ်နဲ့ အရောင်း အဆင်ပြေသလို ရောင်းဝယ်နေကြတာတွေ့နေရပါတယ်။
 
#voiceofmyanmar #VOM #လောင်စာဆီဈေ

Related posts

Leave a Comment

VOM News

FREE
VIEW