ရန်ကုန်တိုင်းက မြို့နယ်(၆)မြို့နယ်မှာ နှစ်ရက်အတွင်း ဗုံးပေါက်၊ပစ်ခတ်မှုဖြစ်ပြီး(၂)ဦးသေ (၄)ဦးဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၁-၂၀၂၁
KK(VOM)
 
ရန်ကုန်တိုင်းရှိ မြို့နယ်(၆)မြို့နယ်မှာ နှစ်ရက်တာအတွင်း ဗုံးပေါက်ကွဲမှုတွေနဲ့ ပစ်ခတ်မှုတွေကြောင့် လူ(၂)ဦးသေဆုံးပြီး စစ်သား၊ ရဲ၊ အရပ်သားအပါအဝင် (၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဗုံးပေါက်၊ပစ်ခတ်မှုဖြစ်ရာ မြို့နယ်တွေက သိရပါတယ်။
 
ရန်ကင်းမြို့နယ်က (၇)ရပ်ကွက်၊ ဆည်မြောင်းလမ်းရှိ ရန်ကုန်တိုင်းရင်းနှီမြှုပ်နှံမှုကော်မတီရုံး၊ ဝင်ပေါက်ထွက်ပေါက်အနီးမှာ ဒီကနေ့မနက် ၁၀ နာရီက ဗုံးပေါက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့ ၇ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
 
မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တောင်ပိုင်းရပ်ကွက်၊ ရန်ကုန်ပြည်လမ်းဘေး၊ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးခွဲမှာလည်း ဒီကနေ့မနက် ၁၁နာရီက လက်လုပ်ဗုံးနဲ့ပစ်ခတ်ခဲ့လို့ ပျက်စီးမှုအချို့ရှိခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရတဲ့သူမရှိဘူးလို့ လမ်းသစ်မှတ်တိုင်အနီးနေထိုင်သူတစ်ဦးကပြောပါတယ်။
 
မနေ့ စက်တင်ဘာ ၃၀ရက် ညပိုင်းက မြောက်ဒဂုံမြို့နယ် (၄၅)ရပ်ကွက်၊ပြည်ထော်စုလမ်း နဲ့ဆည်မြောင်းလမ်းထောင့်မှာ အမည်မသိသေနတ်သမားက ပစ်ခတ်ခဲ့လို့ သတင်းပေးလို့ နာမည်ထွက်နေသူတစ်ဦး သေဆုံးခဲ့တယ်လို့ ၄၅ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
 
အလားတူ လှည်းကူးမြို့နယ်၊ မြို့မရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ ဇီးပင်ဝဲ ကျေးရွာအဝင်ထိပ်မှာလည်း မနေ့ညနေ၅နာရီက ရဲသတင်းပေးလိူ့ နာမည်ထွက်နေသူတစ်ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ရပ်ကွက်
နေပြည်သူတွေဆီက သိရပါတယ်။
 
သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ (၂၅)ရပ်ကွက်၊ဇေယျသုခလမ်းက သတင်းပေးလို့နာမည်ထွက်နေသူရဲ့ နေအိမ်ကို လက်လုပ်ဗုံးနဲ့ပစ်ခတ်တာ ဖြစ်ခဲ့သေးတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
 
အလားတူ မနေ့ စက်တင်ဘာ ၃၀ရက် နေ့လယ်ပိုင်းက ရွှေပြည်သာမြို့နယ်၊ (၂၅)ရပ်ကွက်၊ ရွှေအုန်းပင်လမ်းက နေအိမ်တစ်လုံးမှာ ဗုံးပေါက်ကွဲမှု(၃)ကြိမ်ဖြစ်ခဲ့လို့ အိမ်ငှားလင်မယားနှစ်ဦးနဲ့ စစ်သားတစ်ဦး ရဲတစ်ဦးဒဏ်ရာရရှိပြီး မြောက်ဥက္ကလာဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
 
ပြီးခဲ့တဲ့ စက်တင်ဘာလက ရန်ကုန်တိုင်းက မြို့နယ် ၁၇မြို့နယ်မှာ ဗုံးပေါက်ကွဲမှုတွေကြောင့် သေဆုံးသူနဲ့ဒဏ်ရာရရှိသူတွေရှိခဲ့ပြီး ပစ်ခတ်မှုတွေဖြစ်ခဲ့လို့ သေဆုံးသူတွေလည်းရှိခဲ့ပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန် #ဗုံးပေါက် #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW