အုပ်ချုပ်ရေးမှူးလင်မယားအပါအဝင် လင်မယားစုံတွဲ ၂ တွဲသေနတ်ပစ်ခံရပြီး ၃ ယောက်သေ၊ တယောက်ဒဏ်ရာရ

အောက်တိုဘာ ၁-၂၀၂၁
GH (VOM )
 
ညောင်ဦးခရိုင်နဲ့ မြင်းခြံခရိုင်ထဲက အုပ်ချုပ်ရေးလင်မယားအပါအဝင် လင်မယားစုံတွဲ ၂ တွဲ သေနတ်နဲ့ပစ်ခံရပြီး ၃ ယောက်သေဆုံးကာ တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ဒီကနေ့ အောက်တိုဘာလ ၁ ရက်နေ့မနက်စောပိုင်းက ညောင်ဦးမြို့နယ်၊ မြေသန့်တောင်ကျေးရွာက သိန်းဇော်မင်းနဲ့မယဉ်ယဉ်တို့လင်မယားကို သေနတ်နဲ့ပစ်ခတ်ခဲ့ရာ ဇနီးဖြစ်သူမယဉ်ယဉ်အေးသေဆုံးခဲ့ပြီး ယောက်ျားဖြစ်သူလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
 
” ဒီနေ့ မနက်စော ၇ နာရီလောက်က ပစ်ခံရတာ။ ဆိုင်ကယ်စီးနေရင်းပစ်ခံရတာလို့သိရတယ်။မိန်းမကတော့သေပြီ၊ယောက်ျားလည်းဒဏ်ရာရတယ်ကြားတယ်။သူ့မိန်းက ဒလန်လို့နာမည်ထွက်နေတာ။သူ့ယောင်္ကျားရောအတူတူပဲ။ အခုတော့ စစ်ဆေးရေးတွေ အရမ်းကိုလုပ်နေပြီ၊ နေရာတိုင်းမှာရှိတယ်”လို့ ညောင်ဦးဒေသခံတဦးကပြောပါတယ်။
 
မနေ့ စက်တင်ဘာ ၃၀ရက်နေ့ကလည်း မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ စံဦးရွာက ရပ်ကျေးအုပ်ချုပ်ရေးမှူဖြစ်တဲ့ ဦးကျော်စန်းနဲ့မိန်းမဖြစ်သူ ဒေါ်ယဉ်ဌေးတို့လင်မယား(၂)ဦး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
 
ညောင်ဦးက လင်မယားပစ်ခတ်မှုကို MGN_Tiger အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ကြေညာထားပြီး ၊ တောင်သာက အုပ်ချုပ်ရေးမှူးပစ်ခတ်မှုကိုတော့ TTA ပြောက်ကျားတပ်အပါအဝင် တောင်သာညီနောင်တပ်ဖွဲ့ ၃ခုပေါင်းပြီး လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာ ကြေညာထားတာကို တွေ့ရပါတယ်။
 
ညောင်ဦးမြို့နယ်ထဲမှာတော့ အခုလို သေနတ်နဲ့ပစ်ခတ်ခံရပြိးသေဆုံးမှုက ပထမဆုံးဖြစ်ပြီး စက်တင်ဘာလထဲမှာ သတင်းပေးလို့နာမည်ထွက်သူအမျိုးသား ၂ ယောက် သေနတ်နဲ့ပစ်ခံရပေမယ့် သေဆုံးမှုမရှိခဲ့ဘူးလို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ညောင်ဦး #မြင်းခြံ #ပစ်ခတ်

Related posts

Leave a Comment

VOM News

FREE
VIEW