သတင်းထောက် မသူဇာကို ပုဒ်မ၅၀၅(က)နဲ့ အရှေ့ဒဂုံတရားရုံးမှာ ရုံးထုတ်စစ်ဆေးမယ်

ရန်ကုန်၊အောက်တိုဘာ ၄-၂၀၂၁
KK(VOM)
 
MPA သတင်းဌာနနဲ့အခြားသတင်းဌာနတွေမှာ အလွတ်တန်းသတင်းထောက်အဖြစ်လုပ်ကိုင်နေတဲ့ မသူဇာကို လာမယ့် အောက်တိုဘာ ၁၃ရက်နေ့မှာ ပုဒ်မ-၅၀၅(က) နဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးသွားမယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။
 
စက်တင်ဘာလ ၁ရက်နေ့ ညနေပိုင်းကတည်းက ပျောက်ဆုံးနေတဲ့ မသူဇာဟာ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး အောင်သပြေစစ်ကြောရေးစခန်းကို ပို့ဆောင်ခံခဲ့ရတာဖြစ်တယ်လို့ ခင်ပွန်းဖြစ်သူကိုရဲကိုက VOMကို ပြောပါတယ်။
 
“ကျနော်တို့နဲ့က စက်တင်ဘာ ၂၉ရက်နေ့မှ အဆက်အသွယ်ရတာ အဲ့ဒီကျမှ သိရတာ၊ အရှေ့ဒဂုံရဲစခန်းကို ပို့တယ် ရမန်ယူတယ်၊ တရားရုံးမှာ စစ်ဆေးပြီးရင် အင်းစိန်ထောင်ကို ပို့မှာပါ”လို့ သူကရှင်းပြပါတယ်။
 
မသူဇာကို အောင်သပြေစစ်ကြောရေးစခန်းကနေ စက်တင်ဘာ ၂၉ရက်မှာ အရှေဒဂုံမြို့မရဲစခန်းကိုပို့ဆောင်ခဲ့ကြောင်း ရဲစခန်းကနေအကြောင်းကြားလို့ နိူင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)နဲ့ စခန်းမှူးက အမှုဖွင့်ထားပြီး လက်တလောမှာ မိသားစုဝင်တွေ တွေ့ခွင့်မရဘူးလို့ ကိုရဲကိုက ပြောပါတယ်။
 
“မိသားစုနဲ့က တွေ့ခွင့်မရဘူး၊ သူလိုချင်တာကို ရဲတပ်သားတယောက်ကိုမှာတယ် အဲ့ဒီရဲက အိမ်လာယူပေးတယ်၊ ကျန်းမာရေးကောင်းမွန်ပါတယ်၊ သူလိုအပ်တဲ့ အသုံးအဆောင်နဲ့စားစရာတွေကို အခုပဲလာယူတဲ့ရဲနဲ့ထည့်ပေးလိုက်တာ”လို့ ကိုရဲကိုကပြောပါတယ်။
 
သတင်းထောက် မသူဇာဟာ နိူင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ၅၀၅(က)နဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှာ ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်ပြီး မေလအတွင်းက နေအိမ်ကို စစ်တပ်နဲ့ရဲတွေက ဝင်ရောက်ရှာဖွေခဲ့ပေမယ့် ဖမ်းဆီးခြင်းမခံရပဲ လွတ်မြောက်သွားခဲ့ရာကနေ စက်တင်ဘာ ၁ရက်နေ့မှာ ပြန်လည်ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ သြဂုတ်လ ကနေ စက်တင်ဘာလအတွင်း သတင်းစာဆရာ ကိုစည်သူအောင်မြင့်၊BBCသတင်းထောက် မထက်ထက်ခိုင်၊DVBသတင်းထောက်ဟောင်း မှူးအိမ်ဇော်၊ သင်္ဃန်းကျွန်းပို့စ်သတင်းဌာနမှ မထက်ထက်အောင်၊ ကိုဝေလင်းယုနဲ့ မဇ္ဈိမအယ်ဒီဟောင်း ကိုမျိုးသန့် တို့လည်း ဖမ်းဆီးခံခဲ့ရပါသေးတယ်။
 
#voiceofmyanmar #VOM #ရန်ကုန် #သတင်းထောက်မသူဇာ #ပုဒ်မ၅၀၅

Related posts

Leave a Comment

VOM News

FREE
VIEW