အုပ်စုအုပ်ချုပ်ရေးမှူးတွေ အလုပ်ထွက်ကုန်ကြလို့ ကျေးလက်နေသူတချို့ မြို့ပေါ်ပြောင်းရွှေ့နေ

အောက်တိုဘာ ၄ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ၃၇ မြို့နယ်က ရပ်ကွက် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး အများစုဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ဝန်းကျင်က အုပ်ချုပ်ရေးမှူး အလုပ်တာဝန်ကနေ နုတ်ထွက်ခွင့်ပေးဖို့ တင်ပြစာတွေ အင်တာနက် လူမှုကွန်ရက်ပေါ်မှာ ပျန့်နှံထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီနောက်ပိုင်း တိုက်ဆိုင်မှုလို့ဆိုရလောက်အောင် ကျေးလက်နေသူတွေဟာ နီးစပ်ရာ မြို့ပေါ်လူနေရပ်ကွက်ဆီ အခုလ ၁ ရက်နေ့ကစလို့ ပြောင်းရွှေ့နေထိုင်လာကြတယ်လို့ အိမ်ငှား အကျိုးဆောင်လုပ်ငန်းတွေဆီက သိရပါတယ်။
 
” အိမ်လုံးချင်းရရင် အိမ်လုံးချင်းငှားကြတယ် ၊ လုံးချင်းမရဘူးဆိုရင်လည်း အဆောင်တွေဆီ အခန်းငှားပေးဖို့ ဆက်သွယ်လာကြတယ် ၊ အဲ့ဒီလို အငှားဝန်တောင်မှုပေးဖို့ ဆက်သွယ်လာကြတဲ့သူတွေက စီးပွားရေး လုပ်ငန်းရှင်တွေမဟုတ်ကြဘူး ၊ ရွာက လူတွေဖြစ်ကြတယ် ” လို့ မုံရွာမြို့ခံ အိမ်ရှင် အိမ်ငှား အကျိုးဆောင် လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။
 
ပြီးခဲ့တဲ့ စက်တင်ဘာ နောက်ဆုံးပတ်မှာ မုံရွာခရိုင်ထဲက ရပ်ကွက် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးတွေဟာ သူတို့ရဲ့ အုပ်ချုပ်ရေး လုပ်ငန်း တာဝန်တွေကနေ နုတ်ထွက်ခွင့်ပေးဖို့ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူး တွေဆီ လိပ်မူပြီး နုတ်ထွက်စာတွေ တင်ပြကြတာဖြစ်ပါတယ်။
 
အဲ့ဒီလို ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အလုပ်တာဝန်ကနေ နုတ်ထွက်ကြတာနဲ့ ပတ်သက်လို့ ချောင်းဦးမြို့ခံလည်းဖြစ် ၊ မြို့နယ် ထွေအုပ်ရုံးနဲ့ နီးစပ်သူလည်းဖြစ်တဲ့သူ တစ်ယောက်ပြောတာက
 
” မှန်ချိုရွာ အုပ်ချုပ်ရေးမှူး ဦးလှဝင်း ၊ ကျောက်ဆစ်ကန်ရွာက ဦးလှဌေး ၊ ကင်မွန်းတော်ရွာက ဦးဘိုအေး ၊ ချောင်းဦးမြို့ သစ်ရပ်ကွက်က ဦးအောင်ဘော် ၊ ချောင်းဦး ရန်အောင်မြေရပ်ကွက်က ဦးဇော်ဇော်အောင် ၊ ချောင်းဦး ရွှေလှေရပ်ကွက်က ဦးစိုးမင်းထိုက် ၊ ဆူးလေကုန်းရွာက ဦးမျိုးနိုင် ၊ ချောင်းမနားရွာက ဦးနိုင်ဦး ၊ ချောင်းဦးမြို့မရပ်ကွက်က ဦးအောင်လင်းမောင် ၊ ဝယာရွာက ဦးအောင်သန်း ၊ ချောင်းဦးမြို့ တမာမြိုင်ရပ်ကွက်က ဦးဆန်းဝင်း ၊ တောကျောင်းကြီးရွာက ဦးလှဌေး ၊ ရွှေဂူရွာက ဦးကျော်ဆန်း ၊ ညောင်ပင်သာရွာက ဦးဝင်းနိုင်ဦး၊ သန်းပင်ကန်က ဦးဇော် အဲ့ဒီ အုပ်စု အုပ်ချုပ်ရေးမှူးတွေလည်း အလုပ်နုတ်ထွက်စာ တင်ပြကြတယ် ၊ ချောင်းဦးမြို့နယ်မှာ ကျေးရွာအုပ်စု ၃၇ အုပ်စုထဲက ၂၇ အုပ်စုလောက်က အုပ်မှူးတွေ ထွက်စာတင်ကြတာ ” လို့ ပြောပါတယ်။
 
ဒါ့အပြင် ကနီမြို့နယ်ထဲက ရွာတရွာကနေ မိသားစုလိုက် မုံရွာမြို့ပေါ်ကို ပြောင်းရွှေ့နေထိုင်လာတဲ့ မိသား ၁ စု ကလည်း ” ရွာမှာက အုပ်ချုပ်ရေးမှူးမရှိဘူး အရေး အကြောင်းနဲ့ဆိုရင် ကူမယ့် ကယ်မဲ့သူ မရှိဘူး ၊ ဟိုတလောကလည်း ရွာက အိမ်တခုမှာ မိသားစု ၃ ယောက်လုံး သတ်ခံရတာဖြစ်တယ် ၊ ကိုယ်က တောင်သူလုပ်စားပေမယ့်လည်း နေရတာ စိတ်မလုံတော့ ည ညဆိုပုန်းအိပ်ရတယ် ၊ အဲ့ဒီအကြောင်းကို မုံရွာမြို့ပေါ်က သီးနှံပွဲရုံက ပွဲစားနဲ့ စကားစပ်မိလို့ ပြောတဲ့အခါ မြို့ပေါ်လာနေဖို့ ပြောတာနဲ့ အခုလို နေဖြစ်တာပါ ၊ ဒီနှစ်ကတော့ စိုက်ပျိုးရာသီဖြစ်ပေမယ့် တောင်သူလုပ်ငန်းတွေ လှည့်မကြည့်ဖြစ်တော့ဘူး ” လို့ ပြောပါတယ်။
 
စစ်ကိုင်းတိုင်း ၃၇ မြို့နယ်ထဲက မြောင်မြို့နယ် ၊ ပုလဲမြို့နယ် ၊ ယင်းမာပင် ၊ ဆားလင်းကြီး ၊ ချောင်းဦး ၊ အရာတော် ၊ ဘုတလင် ၊ ကနီ ၊ ဒီပဲယင်း ၊ ကောလင်း ၊ ထီးချိုင့် စတဲ့ မြို့နယ်တွေက အုပ်စု အုပ်ချုပ်ရေးမှူးတွေ အလုပ် တာဝန်ကနေ နုတ်ထွက်ခွင့် တင်ပြကြတာဖြစ်ပြီး စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ရုံး ၊ အခြေစိုက်တည်ရှိရာ မုံရွာမြို့ပေါ်က ရပ်ကွက် ၃၁ ရပ်ကွက်က အုပ်ချုပ်ရေးမှူးတွေဟာလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီနဲ့ မတ်လက နုတ်ထွက်စာတွေ တင်ပြထားကြတာဖြစ်ပါတယ်။
 
အဲ့ဒါကြောင့် ရပ်ကွက် ကျေးရွာအလိုက် ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးပေးတဲ့ လုပ်ငန်းတွေနဲ့ ပန်းခင်းစီမံချက် နိုင်ငံသား မှတ်ပုံတင် လုပ်ပေးတဲ့ ကိစ္စတွေမှာ ရပ်ကွက်တွေအတွင်း ထင်သလောက် အဆင်မပြေ ဖြစ်နေတယ်လို့လည်း အဲ့ဒီ လုပ်ငန်းတွေနဲ့ နီးစပ်သူတွေရဲ့ အပြောအရ သိရပါတယ်။
 
#voiceofmyanmar #VOM #အုပ်ချုပ်ရေးမှူး

Related posts

Leave a Comment

VOM News

FREE
VIEW