ကသာမြို့နယ်ထဲက ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၂ ယောက် ပုဂ္ဂိုလ်ရေးလုံခြုံမှုမရှိဘူးဆိုပြီး နူတ်ထွက်စာတင်

အောက်တိုဘာ ၊ ၅ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ကသာမြို့နယ်ထဲက ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၂ ယောက်ဟာ သူတို့ရဲ့ ပုဂ္ဂိုလ်ရေး လုံခြုံမှုမရှိတာကြောင့်ဆိုပြီး မနေ့ အောက်တိုဘာ ၄ ရက်က အလုပ်တာဝန်ကနေ နူတ်ထွက်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးဆီကို စာတင်ပြထားတာဖြစ်တယ်လို့ ကသာနယ်ခံတွေက ပြောပါတယ်။
 
ကသာမြို့နယ်ထွေ/အုပ်ရုံးနဲ့ နီးစပ်သူတဦးက” ကျေးရွာအုပ်ချုပ်ရေးမှူးတာဝန်ကနေ အလုပ်ထွက်စာတင်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ထွေအုပ်/ဝန်ထမ်းတွေကတော့ အင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြသိန်း ၊ အင်းကြီးအုပ်စုက ဦးမောင်ထွန်း ၊ ဝက်တူးအုပ်စုက ဦးစိုးခိုင် ၊ ကျောက်ထုံးကြီး အုပ်စုက ဦးမန်းတင် ၊ ငါးတဲအုပ်စုက ဦးထွန်းလှ ၊ ပုလွေရွှေအုပ်စုက ဦးမန်းထွန်း၊ ကူးတာအုပ်စုက ဦးဇော်လွင် ၊ ဘွက်အုပ်စုက ဦးမောင်ထွေး ၊ စကားကုန်းအုပ်စုက ဦးမြင့်စိုး၊ ဒိုးပင်အုပ်စုက ဦးမြင့်ဝေ ၊ ဆိပ်သာအုပ်စုက ဦးကျော်တင် ၊နဲ့ ဒုံအော့အုပ်စုက ဦးအောင်ကျော်မိုး တို့ ၁၂ ယောက် “လို့ ပြောပါတယ်။
 
အုပ်ချုပ်ရေးမှူး အလုပ်တာဝန်ကနေ နူတ်ထွက်စာ တင်ပြရတဲ့အကြောင်းအရာ ၂ ခုကို အဲ့ဒီနုတ်ထွက်စာပေါ်မှာ ဖော်ပြထားပါတယ်။
 
ပထမ အကြောင်းအရာက သူတို့ အုပ်ချုပ်နေရတဲ့ ရွာတွေမှာ ရွာခွဲတာဝန်ခံတွေနဲ့ ရာအိမ်မှူးတွေ နုတ်ထွက်ကုန်ကြတာနဲ့ ဒုတိယ အကြောင်းအရာက သူတို့ရဲ့ ပုဂ္ဂိုလ်ရေး လုံခြုံမှူမရှိတော့တာဖြစ်တဲ့အတွက် အခုလို အုပ်ချုပ်ရေးမှူး တာဝန်ကနေ နူတ်ထွက်ကြတာ ဖြစ်တယ်လို့ ရေးသားထားတာကို တွေ့ရပါတယ်။
 
” ကျနော်တို့ အုပ်ချုပ်ရတဲ့နေရာက ကသာမြို့နဲ့ ရေတတန် ကုန်းတတန်သွားရတယ် ၊ ရဲစခန်းကလည်း ရဲမရှိတော့ဘူး၊ တပ်ရုတ်ထားတာဆိုတော့ တခုခုဆိုရင် အုပ်ချုပ်မှူ လက်လှမ်း မမီဘူး ၊ ဧရာဝတီမြစ်နဲ့ ရွှေလီမြစ် ၂ စင်းအကြားက ရွာတွေဆိုတော့ တောတွင်းအဖွဲ့တွေနဲ့လည်း နီးတယ် ၊ နောက်ပြီး တချို့ရွာတွေက အုပ်ချုပ်ရေးအဖွဲ့တွေ ၊ ဝန်ထမ်းဟောင်းတွေ စတာတွေ အသတ်ခံရတာ ရက်သိပ်မခြားဘူးဆိုတော့ အလုပ်ကထွက်ပြီး မိသားစုနဲ့ အေးအေးချမ်းချမ်းနေတော့မယ်လို့ ဆုံးဖြတ်လိုက်တာပါ ” လို့ အလုပ်ထွက်စာ တင်ပြထားတဲ့ အုပ်ချုပ်ရေးမှူးတဦးက ပြောပါတယ်။
 
စစ်ကိုင်းတိုင်း ၃၇ မြို့နယ်ထဲက ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ထွေ/အုပ်ဝန်ထမ်းတွေဟာ ပြီးခဲ့တဲ့ မတ်လကစလို့ အလုပ်ထွက်စာ တင်ပြကြတာ အခုချိန်ထိပဲ ဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ချောင်းဦးမြို့နယ်ထဲက အုပ်ချုပ်ရေးမှူး ၂ ဒါဇင်နီးပါးဟာ အခုလို အလုပ်တာဝန်ကနေ နူတ်ထွက်ခဲ့ကြပါသေးတယ်။
 
#voiceofmyanmar #VOM #ကသာ #အုပ်ချုပ်ရေးမှူး #နူတ်ထွက်စာတင်

Related posts

Leave a Comment

VOM News

FREE
VIEW