“လုံခြုံဘေးကင်းတဲ့ အစားအစာတွေ စားသုံးနိုင်ဖို့ ဆိုရင်…”

‌သွေး (စစ်ကိုင်း)
 
လူသားတို့ရဲ့ နေ့စဉ်လူနေမှု ဘဝမှာ “စား, ဝတ်, နေ” ဆိုတဲ့ အရေး ၃ ပါး ရှိနေပြီး ‘စားသောက်ရေး’ က ထိပ်ဆုံးက ပါဝင်နေပါတယ်။ အသက်ရှင်ဖို့ ကျမတို့ အစားအစာတွေ စားသောက်နေရပေမယ့် ဒီအစားအစာတွေက စိတ်ချရရဲ့လား? စဉ်းစားစရာပါ။ ဈေးကွက်ထဲကို ရောက်ရှိနေတဲ့ အစားအစာတွေထဲမှာ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေလို့ ပါပဲ။
 
လောဘတက်နေတဲ့ အစားအစာထုတ်လုပ်သူတချို့ဟာ ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်တဲ့ စံချိန်စံညွှန်းတွေကို လိုက်နာခြင်း မရှိကြပါဘူး။ မြို့ပြမှာ သောက်သုံးနေကြတဲ့ ရေသန့်ဘူးတွေဟာ တံဆိပ်အမျိုးမျိုးနဲ့
ထွက်ပေါ်လာနေသလို FDA ရဲ့ ထောက်ခံချက် မပါဘဲ ထုတ်လုပ်နေကြသူတွေ ရှိနေတာကို ရှောင်တခင် စစ်ဆေးမှုတွေအရ သိရပါတယ်။
 
နောက်တစ်ချက်က ရေသန့်ဘူးတွေကို ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ အချက်ပါ။ ရေသန့်ဘူးကို နေပူထဲကြာကြာထားရင် နေပူချိန်ကြောင့် ပလပ်စတစ်နဲ့ ရေ ဓာတ်ပြုပြီး သောက်သုံးသူတွေအတွက် အန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
 
တစ်ဆက်တည်း အိမ်ရှင်မတွေရဲ့ နေ့စဉ်ချက်ပြုတ်ရာမှာ အသုံးပြုနေကြတဲ့ ဆီတွေရဲ့ အရည်အသွေးကလည်း မေးခွန်းထုတ်စရာပါ။ ဈေးကွက်အတွင်း ဖြန့်ချီရောင်းချနေတဲ့ မြေပဲဆီ၊ နှမ်းဆီ၊ ဟင်းသီးဟင်းရွက်ဆီတွေထဲမှာ ပြန်ကြော်ဆီတွေနဲ့ တခြား သန့်ရှင်းမှုနည်းပါးတဲ့ ရောဆီတွေက အများစု ပါဝင်နေလို့ပါပဲ။ အညာဒေသမှာ ရနိုင်တဲ့
“ဆုံဆီ” ဆိုတာ အခုဆိုရင် တော်တော်လေး ရှားပါးလာပြီ ဖြစ်သလို စားအုန်းဆီကို အသုံးပြုတာကလည်း ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။
 
ဘာဖြစ်လို့လဲဆိုတော့ စားအုန်းဆီဟာ ခန္ဓာကိုယ်ထဲက အဆီကို ပိုများစေတဲ့ ကိုလက်စထ‌ရောကို အားပေးလို့ပါပဲ။ သံလွင်ဆီလို ကိုလက်စထရော နည်းတဲ့ ဆီကို အသုံးပြုတာက ပိုမိုကောင်းမွန်ပေမယ့် သံလွင်ဆီကလည်း ရှားပါးပါတယ်။
 
ဟင်းချက်ရင် အချိုမှုန့်လေး ထည့်ချက်ရမှ အရသာကောင်းတယ်လို့ မှတ်ယူထားကြသူတွေလည်း မနည်းပါဘူး။ တကယ်တော့ အချိုမှုန့်ကို ရေရှည်စားသုံးတာနဲ့အမျှ ရောဂါတော်တော်များများ ဖြစ်လာစေနိုင်ပါတယ်။ အချိုမှုန့်မှာပါဝင်တဲ့ ဓာတုပစ္စည်းတွေကြောင့် လေဖြတ်ခြင်း၊ လေးဖက်နာရောဂါ၊ နှလုံးရောဂါ၊ အရိုးပါး၊ အရိုးပွရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါတွေ ဖြစ်စေနိုင်တဲ့အန္တရာယ် ရှိပါတယ်။ ဒါ့အပြင် ဇက်ကြောတက်တာ၊ အမြင်အာရုံအားနည်းစေတာတွေပါ ဖြစ်စေနိုင်လို့ “လျှာ” ကို အလိုမလိုက်သင့်ပါဘူး။
 
နောက်ထပ် သတိပြုရမယ့် အချက်ကတော့ ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်တွေရဲ့ အန္တရာယ်ပါ။ သဘာဝအရောင်အတိုင်း စားသုံးရင် ရပါလျက်နဲ့ အရောင်လှလှလေးမှ စားသုံးချင်သူတွေ သတိပြုသင့်ပါတယ်။
 
အရောင်တင်မှုန့်မှာ ဆိုးဆေးတွေပါဝင်ပြီး ဒီဆိုးဆေးတွေဟာ အဝတ်အထည်တွေကို ဆေးဆိုးရာမှာ သုံးရတာဖြစ်တဲ့အတွက် အစားအသောက်တွေမှာ မသုံးစွဲဖို့ ပိတ်ပင်ထားတာလည်း ဖြစ်ပါတယ်။ ဒီလို ခွင့်မပြုဆိုးဆေးတွေကို ရေရှည်စားသုံးမိရင် အသည်းရောင် အသားဝါရော၊ အသည်းကင်ဆာရောဂါတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
 
တဖန် ငရုတ်သီးခြောက်တွေထဲမှာ ပါဝင်နေတတ်တဲ့ “အာဖလာတောက်စင်” လို့ ခေါ်တဲ့ မှိုတစ်မျိုးကလည်း အသည်းကင်ဆာ ဖြစ်စေနိုင်တာကြောင့် သတိပြုကြရမှာပါ။ အကောင်းဆုံးက ငရုတ်သီး လတ်လတ်ဆတ်ဆတ်ကိုပဲ ဟင်းထဲထည့်ချက်တာ ပိုကောင်းတယ် လို့ အကြံပြုထားတွေ ရှိပါတယ်။
 
ကျမတို့ဆီမှာ လူတိုင်းလိုလို နှစ်နှစ်သက်သက် စားသုံးကြတဲ့ မုန့်ဟင်းခါးမှာ မုန့်ဖတ်တွေရဲ့ သန့်ရှင်းလတ်ဆတ်မှုကို ဂရုစိုက်သင့်ပါတယ်။ မုန့်ဖတ်ထုပ်လုပ်တဲ့ နေရာတွေကို ရှောင်တခင် ဝင်ရောက် စစ်ဆေးရာမှာ “ဖော်မလင်” အသုံးပြုထားတာ တွေ့ခဲ့ရတဲ့အကြောင်း သတင်းတချို့မှာ ဖော်ပြထားပါတယ်။
 
မုန့်ဖတ်တွေကို ရက်ရှည်အထားခံအောင် ရည်ရွယ်ပြီး သုံးစွဲတာလို့ ဆိုပါတယ်။ မုန့်ဟင်းခါး၊ မုန့်တီ မုန့်ဖတ်တွေမှာသာမက ပဲသွေး၊ ပဲပြားတွေ ထုပ်လုပ်ရာမှာလည်း အသုံးပြုတတ်ကြတာဖြစ်လို့ သတိပြု စားသုံးရမှာပါ။ ဖော်မလင်ဟာ အာရုံကြောဆိုင်ရာ ရောဂါ၊ သားပျက်သားလျှောခြင်း၊ ကင်ဆာရောဂါအထိ ဖြစ်စေနိုင်ပါတယ်။
 
အသင့်စား အစားအစာတွေရဲ့ အန္တရာယ်ကိုလည်း မေ့ထားလို့ မရပါဘူး။ စည်သွပ်ဘူး၊ ငါးသေတ္တာဘူး၊ ကြက်အူချောင်း၊ ဝက်အူချောင်း၊ ခေါက်ဆွဲခြောက်ထုပ်တွေ အလွယ်တကူ ဝယ်ယူရရှိနိုင်ပေမယ့် အာဟာရတန်ဖိုးအားဖြင့် နည်းပါးလှပါတယ်။ အသင့်စား အစားအသောက်တွေနဲ့ ပတ်သက်ပြီး ထုတ်လုပ်တဲ့ ရက်စွဲနဲ့ သက်တမ်းကုန် ရက်စွဲတွေကို သေချာ စိစစ် ဝယ်ယူဖို့ လိုပါတယ်။
 
တချို့သော အသင့်စား အစားအသောက် ထုတ်လုပ်သူတွေက ထုတ်လုပ်ရက်စွဲနဲ့ သက်တမ်းကုန် ရက်စွဲတွေ မဖြစ်မနေ ဖော်ပြရမှာ ဖြစ်ပေမယ့် လိုက်နာမှု မရှိကြတာလည်း တွေ့ရပါတယ်။ အဲဒီအတွက် ဝယ်ယူစားသုံးသူတွေမှာ ကျန်းမာရေး ထိခိုက်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။
 
အသင့်စား အစားအသောက်တွေထဲမှာ တာရှည်ခံအောင် ဓာတုပစ္စည်းတွေ ထည့်သွင်းထားတာက အများစုပါ။ အထူးသဖြင့် ထုတ်လုပ်/ သက်တမ်းကုန် ရက်စွဲတွေကို အင်္ဂလိပ်လိုလည်း ဖော်ပြမထား၊ မြန်မာလိုလည်း ဖော်ပြမထားဘဲ တရုတ်ဘာသာစကားနဲ့သာ ဖော်ပြထားတဲ့ အသင့်စား အစားအသောက်တွေကို ရှောင်ကြဉ်တာ အကောင်းဆုံးပါ။
 
တရုတ်နိုင်ငံကနေ တံဆိပ်အမျိုးမျိုးနဲ့ ဝင်ရောက်လာနေတဲ့ ဓာတ်မြေဩဇာတွေ၊ ပိုးသတ်ဆေးတွေကို အသုံးပြုပြီး စိုက်ပျိုးတဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးမယ်ဆိုရင် သတိထား စားသုံးရမှာပါ။ သဘာဝမြေဩဇာကို သုံးစွဲပြီး စိုက်ပျိုး ထုတ်လုပ်တာက စားသုံးသူအတွက် ဘေးထွက်ဆိုးကျိုး နည်းပါးပေမယ့် ဓာတ်မြေဩဇာကို အလွန်အကျွံ
သုံးစွဲ စိုက်ပျိုးထုတ်လုပ်ရင် ဓာတုပစ္စည်း အကြွင်းအကျန်တွေဟာ အသီးအနှံတွေမှာ ကပ်ငြိနေနိုင်ပါတယ်။
 
ဆိုလိုတာက အသီးအနှံပင်ရဲ့ အမြစ်ကနေ အပင်သန်ဆေး၊ အရွက်ကြီးဆေး၊ အသီးထွားဆေးတွေ၊ ဓာတုပစ္စည်းတွေ ပါဝင်တဲ့ ဓာတ်မြေဩဇာကို စားသုံးမယ်၊ အဲဒီ ဓာတုပစ္စည်းအာနိသင်က အသီးအနှံထဲမှာ
သီတင်းရက်ပတ် အတန်ကြာထိ ရှိနေမှာဖြစ်ပြီး အာနိသင် မကုန်မီ ခူးဆွတ် ရုတ်သိမ်းမှု မပြုလုပ်သင့်ဘူးလို့ စိုက်ပျိုးရေးပညာရှင်တွေက အကြံပြုထားပါတယ်။ တကယ်လို့ အချိန်မတန်မီ ခူးဆွတ်, ရိတ်သိမ်းပြီး ဈေးကွက်ထဲ ရောက်လာမယ်ဆိုရင်တော့ စားသုံးသူတွေအတွက် ဘေးထွက်ဆိုးကျိုး ဖြစ်စေနိုင်တယ်လို့လည်း သတိပေးထားပါတယ်။ ပိုးသတ်ဆေး သုံးစွဲ၊ စိုက်ပျိုး ထုတ်လုပ်ရာမှာလည်း အလားတူပါပဲ။
 
ဒါကြောင့် ဂေါ်ဖီထုပ်၊ ဘရိုကိုလီ၊ ပန်းဂေါ်ဖီတွေ အပါအဝင် ဟင်းသီးဟင်းရွက်တွေကို မချက်ပြုတ်ခင်…ဒါမှမဟုတ် အစိမ်းလိုက် စားတာမျိုး မလုပ်ခင် ဆားရည်ထဲမှာ အနည်းဆုံး ၄၅ မိနစ်ခန့် စိမ်ထားသင့်ပါတယ်။
 
လုံခြုံဘေးကင်းမှု မရှိတဲ့ အစားအစာက်တွေကြောင့် မြန်မာနိုင်ငံမှာ ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်း များပြားလာနေသလို သေဆုံးရမှုလည်း များလာနေတာပါ။ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာတွေ ဖြစ်ပွားမှုဟာ နေ့စဉ်စားသောက်မှုပုံစံနဲ့ ဆက်စပ်နေပါတယ်။
 
ဒီလိုဆိုရင် မေးစရာရှိတာက အစားအသောက် လုံခြုံစိတ်ချရမှုနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ ဥပဒေ ရှိပါသလား ဆိုတာပါပဲ။ ၂၀၁၃ ခုနှစ်၊ ဩဂုတ်လထဲမှာ ပြင်ဆင်ပြဋ္ဌာန်းခဲ့တဲ့ “အမျိုးသား အစားအသောက်
– ဥပဒေ ပုဒ်မ-၂၂ မှာ ဘယ်လို အစားအသောက်တွေကို ခွင့်မပြုသလဲဆိုတာ ဖောပြထားပြီး၊
– ပုဒ်မ ၂၈ မှာတော့ – အဲဒီလိုအစားအသောက်တွေကို ထုတ်လုပ်, ဖြန့်ဖြူး, ရောင်းချရင် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၃ နှစ် (သို့) ၃
သိန်းထက် မပိုတဲ့ ဒဏ်ငွေ (ဒါမှမဟုတ်) ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်ခံရနိုင်တယ်လို့ ဖော်ပြထားပါတယ်။
 
လက်တွေ့မှာတော့ ထုတ်လုပ်သူတွေကို ဒဏ်ရိုက်တာ၊ ထုတ်လုပ်ခွင့် ခေတ္တရပ်ဆိုင်းတာမျိုးက လွဲလို့ ထိရောက်တဲ့ အရေးယူမှုတွေ အားနည်းနေသေးတာ တွေ့ရပါတယ်။
 
အရင်က Mobile Team တွေနဲ့ ဈေးထဲကို ဝင်ရောက်စစ်ဆေးတဲ့ သတင်းတွေက ကောင်းမွန်တဲ့ ရည်ရွယ်ချက်ဖြစ်ပေမယ့် ပိုမိုအရေးပါတဲ့ ပင်ရင်းထုတ်လုပ်သူတွေ၊ လက်ကားဖြန့်ဖြူးသူတွေကို စစ်ဆေး အရေးယူတာက စားသုံးသူတွေအတွက် ပိုပြီးထိရောက်မှာပါ။
 
တစ်ဖက်ကလည်း စားသုံးသူတွေကို ပညာပေးမှုတွေ ပိုမိုလုပ်ဆောင်ပေးဖို့ လိုအပ်သလို စားသောက်ဆိုင်တွေမှာ ချက်ပြုတ်ရောင်းချမှုနဲ့ ကျန်းမာရေးအတွက် လုံခြုံဘေးကင်းမှု ရှိ/မရှိ စစ်ဆေးကြပ်မတ်ဖို့ လိုပါတယ်။
 
အစားအစာ ဆိုတာ လူတိုင်း နေ့စဉ် စားသောက်နေရတာဖြစ်လို့ အစားအစာကြောင့် ရောဂါ အဖြစ်ခံရတာမျိုး၊ ရောဂါဖြစ်လို့ ဆေးဝါးကုသမှု ခံယူရတာမျိုး မဖြစ်သင့်ပါဘူး။ ဒါကြောင့် အစားအသောက် ထုတ်လုပ်သူတွေ၊ ဖြန့်ဖြူးရောင်းချသူတွေအနေနဲ့ ပြည်သူအချင်းချင်း ကိုယ်ချင်းစာစိတ် အပြည့်အဝထားပြီး မိမိတို့ စီးပွားရေးကို လုပ်ဆောင်ကြဖို့ လိုသလို၊ သက်ဆိုင်ရာ အဖွဲ့အစည်းများအနေနဲ့လည်း ထိရောက်တဲ့ ပညာပေးမှုနဲ့ အရေးယူဆောင်ရွက်မှုတွေ စဉ်ဆက်မပြတ် လုပ်ဆောင်ပေးဖို့ လိုအပ်နေပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။
 
ဆောင်းပါးမှာပါဝင်သည့် အရေးအသားများသည် ဆောင်းပါးရှင်ရဲ့ အာဘော်သာဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #လုံခြုံဘေးကင်းတဲ့ #အစားအစာ

Related posts

Leave a Comment

VOM News

FREE
VIEW