စာသင်ကျောင်းတွေပြန်ဖွင့်ရင် ကလေးတွေကိုကျောင်းထားဖို့ မိဘအချို့ စိုးရိမ်မှုရှိနေ

အောက်တိုဘာ ၁၀-၂၀၂၁
GH (VOM)
 
လာမယ့်သီတင်းကျွတ်ပိတ်ရက်အပြီး နိုဝင်ဘာလမှာ အခြေခံပညာကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ဖို့ ပညာရေးဝန်ကြီးဌာနက စီစဉ်နေတယ်လို့ သိရပါတယ် ။
 
ကျောင်းသားမိဘတွေကတော့ လက်ရှိမတည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေတွေကြားမှာ ကျောင်းတွေပြန်ဖွင့် မယ့်အပေါ် ကလေးတွေကိုကျောင်းပို့ဖို့ စိုးရိမ်မှုတွေရှိနေတယ်လို့ ကျောင်းသားမိဘတွေကပြောပါတယ်။
 
” ဘယ်အချိန် ဘယ်နေရာဗုံးပေါက်မလဲ မသိရတဲ့အခြေအနေမှာ ကလေးကို ကျောင်းကိုဘယ်လိုပို့နိုင်မလဲ။ ကိုယ်လည်း တနေကုန်စောင့်နေလို့မရဘူး။ ပညာရေးကလည်း အရေးကြီးတာမှန်ပေမယ့် အသက်အန္တရာယ်ထက်တော့ အရေးမကြီးဘူး။ အခုကာလမှာ ကိုယ့်အိမ်မှာကိုနေတာ အလုံခြုံဆုံးလို့ပဲတွေးတယ်။ဒါကြောင့်အမကတော့ ကျောင်းဖွင့်လည်း ကလေးကိုကျောင်းမပို့ဖြစ်ဖို့များပါတယ်။”လို့ အမည်မဖော်လိုသူ ကျောင်းသားမိဘတဦးကပြောပါတယ်။
 
ပညာရေးဝန်ကြီးဌာနကတော့ ကျောင်းသား၊ ကျောင်းသူတွေ ပညာသင်နှစ် တစ်နှစ်နောက်မကျစေဖို့အတွက် ကိုဗစ်ကြောင့်ပိတ်ထားရတဲ့ကျောင်းတွေကို အခုအောက်တိုဘာလကုန် ၊နိုဝင်ဘာလဆန်းမှာ ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
 
” ကျောင်းတွေ ပြန်ဖွင့်တော့မယ်လို့တော့ပြောတယ်။ နိုဝင်ဘာပြန်ဖွင့်မယ်ဆိုတဲ့ထုတ်ပြန်စာတော့ လိုင်းပေါ်တွေ့မိတယ်။ အမတို့ဆီတော့ အတိကျမသိရသေးဘူး။ ဖွင့်မယ်ဆိုတာတော့သိတယ်။ ကလေးတွေကိုလည်းစိတ်ချရအောင်ကာကွယ်ဆေးထိုးပေးမယ် ပြောတယ် ၊ ကျောင်းမှာကတော့ လက်ဆေးစင်တွေလည်း လုပ်ထားပြီးပြီ” လို့ အမည်မဖော်လိုသူ အခြေခံပညာကျောင်းဆရာမတယောက်ကပြောပါတယ်။
 
စာသင်ကျောင်းတွေပြန်လည်မဖွင့်မှီ ကျောင်းဆရာ၊ဆရာမတွေနဲ့ အသက် ၁၂ နှစ်အထက် ကျောင်းသူ ကျောင်းသားတွေကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးမှာဖြစ်တဲ့အတွက် ကျောင်းသားစာရင်းနဲ့အချက်အလက်တွေလည်း တောင်းခံထားတယ်လို့ ပညာရေးဝန်ထမ်းတွေဆီကသိရပါတယ်။
 
ကျောင်းတွေကို ပြန်ဖွင့်ချိန်မှာ ကိုဗစ်စည်းကမ်းနဲ့အညီ ဖွင့်လှစ်သွားမှာဖြစ်ကြောင်း၊ ကျောင်းဖွင့်ချိန်မှာ အဆင်သင့်ဖြစ်စေဖို့အတွက်လည်း ဆရာ၊ဆရာမတွေကို ညွှန်ကြားထားပြီးဖြစ်တယ်လို့ သိရပါတယ်။
 
ကိုဗစ် ပထမလှိုင်းထဲက ပိတ်ထားရတဲ့ အခြေခံပညာစာသင်ကျောင်းတွေကို ပြီးခဲ့တဲ့ ဇွန်လမှာ ပြန်လည်ဖွင့်ခဲ့ပေမယ့် ကိုဗစ်တတိယလှိုင်းပြင်းထန်လာလို့ ဇူလိုင်လ ၉ ရက်နေ့မှာပြန်လည်ပိတ်ထားခဲ့တာ လက်ရှိအချိန်ထိဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #စာသင်ကျောင်းပြန်ဖွင့်မယ်ကိစ္စ #ကျောင်းသားမိဘ #စိုးရိမ်နေ

Related posts

Leave a Comment

VOM News

FREE
VIEW