နွားထိုးကြီးမြို့နယ်တရားရုံး ဗုံးပေါက်လို့ ရဲ အပါအဝင် ၂ယောက်ဒဏ်ရာရ

အောက်တိုဘာ ၁၂-၂၀၂၁
GH ( VOM )
 
နွားထိုးကြီးမြို့နယ်က တရားရုံးမှာ ဒီကနေ့ အောက်တိုဘာ ၁၂ ရက်နေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပြီး ရဲ တယောက်နဲ့ အမျိုးသားတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ နွားထိုးကြီးမြို့ခံတွေဆီကသိရပါတယ်။
 
မနက် ၁၀ နာရီလောက်ကစပြီး မြို့နယ်တရားရုံး ၊ အထွေအထွေအုပ်ချုပ်ရေးရုံးအနီးမှာ ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
” မနက်က ထမင်းစားနေတုန်း ပေါက်ကွဲသံတချက်ကြားတယ်။နောက်တခါ ဗုံးပေါက်သံ တချက်ထပ်ကြားတယ်။ပြီးတော့သိရတာ တရားရုံးမှာဗုံးပေါက်တယ်။ ၂ ယောက်ဒဏ်ရာရတယ်။ ရဲကတယောက်၊ အမှုရင်ဆိုင်နေရတဲ့အမျိုးသားက တယောက်ဒဏ်ရာရတယ်။ တရားရုံးနဲ့ ထွေ/အုပ်ရုံးက အနီးလေးပဲလေ။အခုတော့ မြို့ထဲမှာ တင်းကြပ်စစ်တာမရှိဘူး။ အခုပဲရဲစခန်းရှေ့ကဖြတ်လာတာ ” လို့ နွားထိုးကြီးမြို့ခံ ပရဟိတလုပ်ဆောင်နေသူတဦးက ပြောပါတယ်။
 
တရားရုံးမှာက ရဲလုံခြုံရေးရယူတာမျိုးမရှိတာကြောင့် ဒီနေ့ ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရတဲ့ ရဲ ၁ ယောက်ဟာ တရားရုံးမှာ အမှုရင်ဆိုင်နေရသူတွေကို လုံခြုံရေးရယူပေးတဲ့အထဲက ဖြစ်တယ်လို့ သူကပြောပါတယ်။
 
နောက်ထပ် ဒဏ်ရာရတဲ့အမျိုးသားကတော့ အသက် ၃၀ ကျော်အရွယ်လောက်ရှိပြီး အမှုရင်ဆိုင်နေရသူဖြစ်တယ်လို့ သိရပါတယ်။
 
ဗုံးပေါက်ကွဲမှု ဖြစ်ပြီးပြီးချင်း တရားရုံးပတ်လည်မှာ ပိတ်ဆို့စစ်ဆေးရှာဖွေမှုတွေရှိခဲ့ပေမယ့် လက်ရှိမှာတော့ နွားထိုးကြီးမြို့အတွင်း ပိတ်ဆို့စစ်ဆေးတာမျိုးမတွေ့ရဘူးလို့ ဒေသခံတွေကပြောပါတယ်။
 
ပြီးခဲ့တဲ့ လတွေမှာလည်း နွားထိုးကြီးမြို့နယ်ထဲမှာ ပစ်ခတ်မှုတွေဖြစ်ပြီး မိသားစုလိုက်သေဆုံးခဲ့တာမျိုးရှိခဲ့သလို ၊ မိုင်တဲတာဝါတိုင်တွေဖျက်ဆီးခြင်း၊ရပ်ကျေး အုပ်ချုပ်ရေးမှူးတချို့ သေနတ်နဲ့ပစ်သတ်ခံရခြင်း၊ လူငယ်တွေဖမ်းဆီးခံရခြင်းတွေရှိထားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
 
#voiceofmyanmar #VOM #နွားထိုးကြီး #တရားရုံးပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW