လုယက်မှုဆက်တိုက်ဖြစ်နေတာကြောင့် ကုန်တင်ရေယာဉ်တွေပြေးဆွဲမှု ယာယီရပ်နားမယ်

အောက်တိုဘာ ၊ ၁၃ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ၊ သလ္လာဝတီဆိပ်ကမ်းကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ကုန်စည်ပို့ဆောင်ပေးနေတဲ့ ကုန်တင်ရေယာဉ်လမ်းကြောင်းတွေမှာ ကုန်ပစ္စည်းတွေ လုယက်ခံရတာ များလာတဲ့အတွက် အောက်တိုဘာ ၁၄ ရက်ကစပြီး ပြေးဆွဲသွားလာတာတွေ ယာယီရပ်နားထားတော့မှာဖြစ်တယ်လို့ ကုန်တင်ရေယာဥ်လုပ်ငန်းရှင်တွေက ပြောပါတယ်။
 
ပစ္စည်းလုခံရတာနဲ့ ပတ်သက်ပြီး ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ကုန်တင်ရေယာဥ် ပိုင်ရှင်တစ်ယောက်က” ကလေးဝနဲ့ မုံရွာအကြား နေရာ ၅ နေရာထက်မနည်း မော်တော် အတားခံရတာပါ ၊ ရှော်တယ် (စက်လှေ)တွေနဲ့ လိုက်ကပ်ပြီး တားတယ် ၊ မော်တော်မှာပါတဲ့ ကုန်ပစ္စည်းတွေကို မွှေနှောက်ရှာပြီး စားသောက်ကုန် ၊ ဆေးနဲ့ ဆေးပစ္စည်းတွေ စိတ်ကြိုက်ရွေးယူတယ် ၊ သူတို့ယူသွားသမျှ ကုန်ဖိုးတွေကို ကုန်သည်တွေဆီ ပြန်လျော်ပေးရတယ် ၊ အဲ့ဒီလို လျော်ရတဲ့အခါ မုံရွာစျေးနူန်းနဲ့ မဟုတ်ဘူး ၊ ဟုမ္မလင်း ခန္တီးမှာ ပေါက်တဲ့ စျေးနူန်းနဲ့ဆိုတော့ ပြီးခဲ့အခေါက်က သိန်း ၉၀ ကျော် စိုက်လျော်ခဲ့ရတာ ” လို့ ပြောပါတယ်။
 
အဲ့ဒီလို ကုန်ပစ္စည်းတွေ လုယက်ခံရတဲ့ ကုန်တင်ရေယာဥ်တွေဟာ ဒီရက်ပိုင်းအတွင်း ၁ ဒါဇင်ကျော်ရှိတယ်လို့ မုံရွာ-ဟုမ္မလင်း ကုန်စည်ပို့ဆောင်ရေး ရေယာဥ်လုပ်ငန်းရှင်တွေက ပြောပါတယ်။
 
ချင်းတွင်းမြစ်ကြောင်းရဲ့ ရေကြောင်းပို့ဆောင်ရေး လုပ်ငန်းတွေကို အမှီပြုအားထားနေရတဲ့ မြို့တွေကတော့ မင်းကင်း ၊ ကလေးဝ ၊ မော်လိုက် ၊ ဖောင်းပြင် ၊ ဟုမ္မလင်း ၊ ခန္တီးမြို့တွေအပြင် ဥရုချောင်းထဲက နောင်ပိုအောင် ၊ နမ့်တော ၊ ဆယ်ဇင် စတဲ့ ဒေသတွေဖြစ်တယ်လို့ သိရပါတယ်။
 
အဲ့ဒီ ဒေသတွေဟာ အခုလို မိုးရာသီကာလမှာ ကုန်းလမ်းကြောင်းတွေက ကားသွားမရတာကြောင့် ရေလမ်းကြောင်းကို အဓိကထား အသုံးပြုရတာဖြစ်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။
 
ချင်းတွင်းမြစ်ကြောင်းသွား ကုန်တင်ရေယာဥ် အသင်း ၁၉ သင်းရှိပြီး ရေယာဥ် အစီးရေ ၆၀၄ စင်းရှိတယ်လို့ စစ်ကိုင်းတိုင်း ပုဂ္ဂလိကပိုင်ရေယာဥ်များစနစ်တကျပြေးဆွဲရေး ကော်မတီ(ရစက)ရုံးကနေ သိရပါတယ်။
 
ပုံစာ-ချင်းတွင်းမြစ်ကြောင်းသွား ကုန်တင်ရေယာဥ်တွေ ရပ်နားထားပုံ
#voiceofmyanmar #VOM #မုံရွာ #ကုန်တင်ရေယာဉ် #လုယက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW