ဗြစ်စက်

ဆူးငှက်

““ဗြစ်စက်”” ဟုခါ်သော ဘီယာစက်ရုံသည် ယခင်က အရက်ချက်စက်ရုံ မဟုတ်။ ရတနာပုံခေတ်ကတည်းက မြန်မာနိုင်ငံကို ခေတ်မီနိုင်ငံတစ်ခုဖြစ်မြောက်ရေးကို ရှေးရှုလျက် ငွေကြေးများစွာ အကုန်အကျခံ မြေစမ်းခရမ်းပျိုး တည်ထောင်ခဲ့သည့် မြန်မာ့စက်ရုံ၊ အလုပ်ရုံများအနက် “လက်နက်” စက်ရုံတစ်ရုံအဖြစ် ကနဦးတည်ထောင်ခဲ့သည်။

““ရွှေဒင်္ဂါး၊ ငွေဒင်္ဂါး ပုံရိုက်လုပ်ဆောင်ရသော ဒင်္ဂါးစက်ရုံတော်၊ ထည်မျိုး အုပ်မျိုး ရက်လုပ်သော ရက်ကန်းရုံတော်၊ စပါးအမျိုးမျိုး ကြိတ်လုပ်သော ဆန် ကြိတ်စက်ရုံတော်၊ အမြောက်ကြီးငယ် လှံဓားအမျိုးမျိုး၊ ဗုံးဆံ၊ အမြောက်ဆံ၊ တူဆံအမျိုးမျိုး သွန်းလုပ်သော စက်ရုံတော်၊ သစ်ပျဉ်များကို တိုက်ခွဲသော လွှ စက်ရုံတော်၊ သကြားချက်လုပ်သော စက်ရုံတော်၊ မဲနယ်ချက်လုပ်သော စက်ရုံတော်မှစ၍ စက်ရုံအမျိုးမျိုး ဦးရေ ငါးဆယ်ကျော်…””ဟူ၍ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးတွင် ရေးသားခဲ့သော စက်ရုံများတွင် အပါအဝင်ဖြစ်၏။

ရန်ကန်းစက်ရုံ၊ သင်္ဘောစက်ရုံ၊ လွှစက်၊ သကြားစက်၊ သံရည်ကျိုစက်၊ ဒင်္ဂါးစက်၊ မဲနယ်စက်၊ စစ်ကိုင်းသံဖိုစက်ရုံတို့ကဲ့သို့ ထင်ရှားလုပ်အားကောင်းခဲ့သော စက်ရုံတစ်ရုံလည်းဖြစ်ပါသည်။

ရတနာပုံခေတ်က စက်ရုံများကို ခရစ်နှစ် ၁၈၅၈ ခုနှစ်မှ ၁၈၇၄ ခုနှစ်အတွင်း တည်ထောင်ခဲ့ခြင်းဖြစ်သည်။ တကယ်တော့ ထိုအချိန်က အောက်မြန်မာပြည်ကို သိမ်းပိုက်ထားရှိသော ဗြိတိသျှအစိုးရသည်
အထက်မြန်မာပြည်တွင် မြန်မာရှင်ဘုရင်က ယခုကဲ့သို့ စက်ရုံ၊ အလုပ်ရုံများ ထူထောင်ခြင်းကို လိုလားလှသည်မဟုတ်။ အထက်မြန်မာပည်ကို ကုန်ကြမ်းများ လွတ်လပ်စွာ ဝယ်ယူခွင့်ရရှိရေး၊ ကုန်ချောများကို ဗြိတိသျှထံမှပဲ လုံးဝမှီခိုရေးဆိုသည့် ဗြိတိသျှပိုင်ဈေးကွက်တစ်ခုအဖြစ်သာ လိုလားသည်။

ထို့ကြောင့် စက်ရုံများ တည်ဆောက်ရေးကို အောက်မြန်မာပြည်က အမျိုးမျိုး နှောင့်ယှက်၏။ အရည်အသွေးကို သတိပြု၏။ စက်ရုံများရှိင်ငံခြားသား အတတ်ပညာရှင်များထံမှလည်း စက်ရုံများသတင်းထောက်လှမ်း၏။ ယခုကဲ့သို့ စက်ရုံကြီးများ ထူထောင်ကြသောအခါ မြန်မာတို့၏ တစ်ပွဲထိုး ကောက်ရိုးမီး စိတ်ဓာတ်နှင့်မို့ အောင်မြင်မှာမဟုတ်ဟုလည်း အထင်သေး၏။ လက်နက်နှင့် စစ်ပစ်္စည်းဝယ်ယူခွင့်ကို ဗြိတိသျှအစိုးရက ပိတ်ပင်ထားသဖြင့် မခံချင်စိတ်နှင့် လုပ်ကြခြင်းပဲဟု ကောက်ချက်ချ၏။

ဤကဲ့သို့ နဂိုကတည်းက ရတနာပုံစက်ရုံကြီးများအပေါ် အမြင်မကြည်လင်ရှိခဲ့သော ဗြိတိသျှအစိုးရသည် အထက်မြန်မာပြည်ကို သိမ်းပိုက်ပြီးသောအခါ မူလစက်ရုံများ၏ ထုတ်လုပ်မှုကို ရပ်ဆိုင်းပြီး သံတိုသံစဘဝလျှောကျသွားအောင် လုပ်ဆောင်တော့သည်။

၁၈၈၆ ခုနှစ်တွင် မန္တလေးရှိ စက်ရုံများကို အသုံးပြုလိုသူ၊ ဝယ်ယူလိုသူများထံ ငှားရမ်းရောင်းချရန် စီစဉ်ထားတော့သည်။ ထို့ကြောင့် မန္တလေးမြို့ မြောက်ပြင် အမရစံခေါင်ရပ် ရွှေတချောင်းမြောင်းဘေးရှိ အမြောက်လက်နက်စက်ရုံကို ဗြိတိသျှအစိုးရက ၉၄၁ ပေါင် စတာလင်(မြန်မာငွေ ၁၂၁၈၆ကျပ် ၁၀ပဲ ၈ပိုင်) အဖိုးဖြတ်၏။ ထို့ကြောင့် တန်ဖိုးငွေ ၁၃၀၀၀၀ ကျပ်နှင့် ရောင်းချမည့်အကြောင်းကြေညာသည်။

အမြောက်စက်ရုံအနီးရှိ သေနတ်စက်ရုံက စက်ပစ္စည်းကိရိယာများကိုလည်း ၈၂၉ပေါင်စတာလင်(၁၁၀၅၃ကျပ် ၅ပဲ ၄ပိုင်) တန်ဖိုးဖြတ်ကာ ၁၀၀၀၀ကျပ်နှင့် ရောင်းမည်ဟု ကြော်ငြာသည်။

ထို့နောက် ဗြိတိသျှအစိုးရသည် အမြောက်သေနတ်စက်ရုံများကို ဆင်မလာမြို့နှင့် ဗြစ်ချက်သမား မစ္စတာဒိုင်ယာ(E.J.R Dyer)သို့ ဗြစ်ချက်စက်ရုံအဖြစ် အသုံးပြုရန်အတွက် ၁၈၈၆ ခု စက်တင်ဘာလတွင် ငှားရမ်းလိုက်တော့သည်။

လမ်း ဧကကျယ်သော မြေကွက်နှင့် မြေကွက်ပေါ်ရှိ ဆောက်ပြီးဆောက်ဆဲ အဆောက်အအုံများကို ဒိုင်ယာကုမ္ပဏီက အလိုရှိရာပြုပြင်အသုံးပြုခွင့်ပေး၏။ စက်များကိုမူ တန်ဖိုးပေးမှသာ သုံးရမည်ဟု စာချုပ်ချုပ်သည်။ စာချုပ်သည် နှစ်(၂၀)စာချုပ်ဖြစ်သည်။ ၁၈၈၇ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှစ၍ နှစ်(၂၀) အတွက် ကုမ္ပဏီက အစိုးရသို့ အရစ်ကျငွေပေးသွင်းရသည်။ ပထမ(၅)နှစ်အတွက် နှစ်စဉ်ငွေ ၁၀၀၀ ကျပ်။ ဒုတိယ(၅)နှစ်အတွက် နှစ်စဉ်ငွေ ၂၅၀၀ ကျပ်။ ကျန်(၁)နှစ်အတွက် နှစ်စဉ်ငွေ ၄၀၀၀ ကျပ်ဖြစ်သည်။ စာချုပ်သက်တမ်း နှစ်(၂၀)ပြည့် သွား၍ ထပ်မံကာ အသစ်ချုပ်ဆိုလိုသော် တစ်နှစ်လျှင် ငှားရမ်းခ ၇၀၀၀ ကျပ် ထက် မပိုသော ငှားရမ်းနှုန်းဖြင့်သာ ငှားရမ်းနိုင်ကြောင်း သဘောတူညီကြသည်။

ဤသို့ဖြင့် ရတနာပုံခေတ် လက်နက်စက်ရုံတော်ကြီးကား … ဗြစ်စက်ရုံအဖြစ် ပြောင်းလဲခဲ့၏။

ကုန်လွန်သော ကုန်လွန်ခဲ့သော ခေတ်များက ဘီယာနှင့်အရက်စက်ရုံ အမည်ဖြင့် နာမည်ကျော် မန္တလေးရမ်နှင့် မန္တလေးဘီယာများကို ထုတ်လုပ်ခဲ့ရာ နှစ်၄၀ ဝန်းကျင် ထိုအချိန်က မန္တလေးရမ်တစ်ပုလင်းသည် ရွှေပြားစက္ကူကပ်၊ ဖဲပွင့်ပတ်ကာ လက်ဆောင်ပေးရသည့် ရှားပါးတန်းဝင် ပစ္စည်းဖြစ်သည်။ ပါမစ်စာရွက်ဖြင့်သာ ခက်ခက်ခဲခဲ ဝယ်ယူနိုင်သည့် ပစ္စည်းများဖြစ်သည်။

#voiceofmyanmar #VOM #ဆူးငှက် #ဗြစ်စက်

 

Related posts

Leave a Comment

VOM News

FREE
VIEW