တရုတ်-မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးမှ ရွှေလီ-ကျယ်ဂေါင်မှာနေတဲ့ မြန်မာနိုင်ငံသားတွေကို အသိပေးစာတခု ထုတ်ပြန်

အောက်တိုဘာ ၂၉-၂၀၂၁
Shy V(VOM)
 
တရုတ်နိုင်ငံ၊ ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန်ခရိုင်၊ ရွှေလီ-ကျယ်ဂေါင်မှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတွေ သိရှိစေဖို့ ဆိုပြီး အသိပေးကြေညာချက်တစောင်ကို ဒီကနေ့ အောက်တိုဘာ၂၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
 
အဲ့ဒီထုတ်ပြန်စာမှာ ရွှေလီမြို့အနေနဲ့ ကျယ်ဂေါင်အုပ်ချုပ်ဧရိယာအတွင်း ပိုးသတ်လုပ်ငန်းဆောင်ရွက်နေတာကြောင့် နေရာအနှံ့ ပိုးသတ်နိုင်ဖို့ ကျယ်ဂေါင်အုပ်ချုပ်ဧရိယာအတွင်း နေထိုင်ကြတဲ့ တရုတ်နိုင်ငံသားတွေနဲ့ နိုင်ငံခြားသား (မြန်မာနိုင်ငံသား)တွေအနေနဲ့ ကျယ်ဂေါင်ဧရိယာကနေ ပြောင်းရွှေ့ရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
 
“သြဂုတ်လ ၂၂ ရက်နေ့ကစ ဒီကျယ်ဂေါင်က ကျွန်တော်တို့ တချို့တွေကို စပြောင်းခိုင်းနေပြီဗျ။” လို့ မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဦးက ပြောပါတယ်။
 
လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကလွဲလို့ တခြားလူတွေအနေနဲ့ ကျယ်ဂေါင်ဧရိယာအတွင်း ဝင်ရောက်တာကို တားမြစ်ထားကြောင်း ဖော်ပြထားပါတယ်။
 
ရွှေလီမြို့အနေနဲ့ ကျယ်ဂေါင်မြိုရဲ့ ကပ်ရောဂါထိန်းချုပ်နိုင်မှု အခြေအနေပေါ်မူတည်ပြီး ကျယ်ဂေါင်မြို့မှာ နေထိုင်ခဲ့တဲ့ မြန်မာနိုင်ငံသားတွေရဲ့ပစ္စည်းတွေကို ပြန်ယူဖို့ စီစဉ်ပေးမှာဖြစ်တယ်လို့ ထုတ်ပြန်စာမှာ ပါရှိပါတယ်။
 
တခြားနေရာကို ပြောင်းရွှေ့ခံရတဲ့ မြန်မာနိုင်ငံသားတွေ ပြည်တော်ပြန်မယ်ဆိုရင် ကျယ်ဂေါင်က တာဝန်ရှိသူတွေကိုပြောပြီး ကျယ်ဂေါင်ထဲက မိမိပိုင်ဆိုင်တဲ့ ပစ္စည်းတွေ ဝင်ယူလို့ရတယ်လို့ ပြန်လာသူ ၁ ဦးက ပြောပါတယ်။
 
လက်ရှိ တရုတ်ဘက်မှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ မိမိပစ္စည်းတွေကို အရေးတကြီး ပြန်ယူလိုပါက ဒေသခံဝန်ထမ်းတွေရဲ့ဦးဆောင်မှုနဲ့ ယူဆောင်ပြီးနောက် နေ့ချင်းအမြန် တရုတ်နိုင်ငံအတွင်းကနေ ပြန်လည်ထွက်ခွာဖို့ အကြံပြုထားကာ ကျယ်ဂေါင်မြို့ ဖွံ့ဖြိုးတိုးတက်ဖို့ အဆင့်မြှင့်တင်နိုင်ရေးအတွက် အသေးစိတ် စီမံကိန်းတွေကို သေချာလေ့လာဆောင်ရွက်နေတယ်လို့ ထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။
 
ကျယ်ဂေါင်မြို့ကနေ ရွှေလီမြို့ကို ပြောင်းရွှေ့ခံရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အခက်အခဲတွေကို ရွှေလီမြို့က မြန်မာနိုင်ငံသားတွေက ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ အသနားခံစာ တင်ထားတယ်လို့လည်း သိရပါတယ်။
 
အသနားခံစာတင်ထားတာနဲ့ပတ်သက်ပြီး ကူညီပေးဖို့အတွက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံးကို မေတ္တာရပ်ခံစာပို့ခဲ့ရာ ဒီကနေ့ထုတ်ပြန်စာကို ပြန်လည်အကြောင်းပြန်လာတာဖြစ်တယ်လို့လည်း သိရပါတယ်။
 
မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေနဲ့ နီးစပ်ရာ မြန်မာနိုင်ငံသားတွေအချင်းချင်း လက်ဆင့်ကမ်း ဖြန့်ဝေပေးဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။
 
Photo – Web
#voiceofmyanmar #VOM #ကူမင်း #မြန်မာနိုင်ငံသား #ရွှေ့ပြောင်းဖို့စာထုတ်

Related posts

Leave a Comment

VOM News

FREE
VIEW