ဆောမြို့နယ်မှာ မြေပြင်ရော ဝေဟင်ပါ ပစ်ခတ်မှုတွေဖြစ်ပေါ်ပြီး ရွာ ၂ ရွာက လူတွေ တိမ်းရှောင်နေရ

နိုဝင်ဘာ ၊ ၁၉ -၂၀၂၁
နှင်းဖြူဝေ(VOM)
 
မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ဆောမြို့နယ် ၊ကျိန်ချောင်းရွာနဲ့ တောမရွာအနီးမှာ ဒီကနေ့မနက်ပိုင်းက ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပွားပြီး အဲ့ဒီရွာတွေက လူတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။
 
ဒီမနက် ပစ်ခတ်တာတွေနဲ့ ပတ်သက်ပြီး ဆောမြို့နယ် ၊ တောမရွာခံတယောက်က ” စစ်ရေးပြင်နေတာက လေးငါးရက်ရှိနေပြီ ၊ ဆောမြို့ပေါ်က ဆေးရုံကျန်းမာရေး ဝန်ထမ်းတွေကို အခုလ ၁၄ ရက် နောက်ဆုံးထားပြီး CDM မှာပါဝင်ဖို့ ဒေသလက်နက်ကိုင်အဖွဲ့တွေက ကြေညာတာတွေလုပ်ပြီးနောက်ပိုင်း ၊ အဲ့ဒီ အဖွဲ့တွေနဲ့ စစ်တပ်တွေအကြား တင်းမာမှုတွေဖြစ်နေခဲ့တာပါ ၊ အခုလ ၁၅ ရက်နောက်ပိုင်းမှာ ၂ ဘက် ပစ်ခတ်မှုတွေ နေရာ အတော်များများမှာဖြစ်တယ် ၊ ၂ ဘက် အသေအပျောက်တွေရှိတယ်လို့ ကြားရတယ် ၊ အတိအကျတော့ မသိဘူး ၊ ဒီ မနက်ပိုင်းမှာတော့ ကျိန်ချောင်းနဲ့ တောမ ဘက်မှာ မြေပြင်ရော ဝေဟင်ပါ ပစ်နေတာ ” လို့ ပြောပါတယ်။
 
အဲ့ဒီပစ်ခတ်မှုကြောင့် ကျိန်ချောင်းရွာကလူတွေနဲ့ တောမရွာက လူတွေဟာ ရွာအနီးဝန်းကျင်က တောင်ယာတောတွေမှာ တိမ်းရှောင်နေရပြီး တိမ်းရှောင်သူ အရေအတွက်ဟာလည်း ထောင်ဂဏန်းနီးပါးရှိတယ်လို့ နယ်ခံတွေက ပြောပါတယ်။
 
” ကျောက်ထုလေယာဥ်ကွင်းမှာ တိုက်လေယာဥ်တွေထားပြီး အဲ့ဒီကနေ လာပစ်တာဖြစ်နိုင်တယ် ၊ ရွာပေါ်ကို ကျရောက်ပေါက်ကွဲတာတော့ မရှိဘူး ၊ ရွာနီးဝန်းကျင်တွေမှာ လေးငါးလုံးလောက် ကျပြီး ပေါက်ကွဲတယ် ၊ ခဏအကြာမှာ ရဟတ်ယာဥ်နဲ့ လာပစ်တာတွေရှိတယ် ၊ ထိခိုက်သေဆုံးတာ ရှိနိုင်ပေမယ့် အရေအတွက် ပြောလို့ မရသေးဘူး ” လို့ ပစ်ခတ်မှုတွေရဲ့ ဘေးလွတ်ရာကို တိမ်းရှောင်နေတဲ့ နယ်ခံတယောက်က ပြောပါတယ်။
 
Yaw Defence Fore(YDF)ကလည်း “ဒီနေ့မနက် ၅ နာရီခန့်ကတည်းက Yaw Defence Force (YDF) နဲ့ စကစတပ်တို့ တိုက်ပွဲတွေ ဖြစ်နေခဲ့တာပါ၊ ဆောမြို့နယ် ကျင်းလိမ်နဲ့ သောမ ကျေးရွာ ၂ ခုကြားမှာ တိုက်ပွဲဖြစ်နေတာပါ၊ စကစတပ်တွေဘက်က အကျအဆုံးများတာကြောင့် ရဟတ်ယာဉ် ၂ စင်းက ၁၁ နာရီ ခွဲမှာရောက်လာတယ်၊ အချက် ၃၀ လောက် ပစ်သွားတယ်”လို့ ထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။
 
အဲ့ဒီ ပစ်ခတ်တာတွေနဲ့ပတ်သက်ပြီး ထိခိုက်ပျက်စီးတာနဲ့ သေဆုံးတာတွေ သိနိုင်ဖို့ ဂန့်ဂေါခရိုင် ကောင်စီရုံးကို ဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။
 
#voiceofmyanmar #VOM #ဆော #မြေပြင်ဝေဟင် #ပစခတ်မှု #ဒေသခံတွေတိမ်းရှောင်

Related posts

Leave a Comment

VOM News

FREE
VIEW