မြောက်ဒဂုံက တန်ဖိုးနည်း ‘ဝိုင်းခြုံမ’အကြော်ဆိုင်

အေးချမ်းသူ(VOM)

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ၃၆ ရပ်ကွက်၊ ဗိုလ်ဆွန်ပက်လမ်းထဲမှာ ကားကြီးကားငယ်မျိုးစုံအောင် စီတန်းလို့နေပါတယ်။ ကားပေါ်မှာ စောင့်နေသူတွေ၊ ကားအောက်ဆင်းကာ စောင့်သူတွေနဲ့စည်းကားနေပါတယ်။စောင့်ဆိုင်းနေတဲ့သူအများစုမှာ မြန်မာ့ရိုးရာအကြော်မျိုးစုံကို လာရောက်ဝယ်ယူကြတာဖြစ်ပါတယ်။

မြေကြီးကိုအခြေစိုက်ပြီး တာပေါ်လင်မိုးထားတဲ့ အကြော်တဲအတွင်းမှာလည်း အမျိုးသမီသုံးဦးဟာ အကြော်မျိုးစုံကို လက်မလည်အောင် ချွေးသံတစ်ရွဲရွဲနဲ့ကြော်နေပါတယ်။ အကြော်တဲရဲ့အရှေမှာတော့ လာရောက်ဝယ်ယူသူတွေနဲ့ ထိုင်ပြီးစားသောက်လို့ရအောင် ၁၀ပေ အခန်းလေးကို စီစဥ်ထားပြန်ပါတယ်။ အကြော်တဲရဲ့အပေါ်မှာတော့ “ဝိုင်းခြုံမ “ဆိုတဲ့ ဆိုင်နာမည်ကို မြန်မာဆန်ဆန် သစ်သားနဲ့ထွင်းထုထားပြီး ချိတ်ဆွဲထားပါတယ်။

“ဝိုင်းခြုံမ “ဆိုတဲ့ အကြော်ဆိုင်ကို ဦးစီးဦးဆောင်သူမှာ အသက် ၂၀ သာရှိသေးတဲ့ မရွန်းလဲ့ဝေဖြစ်ပြီး မကွေးတိုင်း၊ ချောက်မြို့နယ်က အညာသူမိန်းမပျိုလေးတဦးပဲဖြစ်ပါတယ်။

“ဝိုင်းခြုံမဆိုတာ ငယ်ငယ်က ညီမနာမည်လေ အညာဘက်မှာ ဝိုင်းကြီးအကျယ်ကြီးတွေထဲမှာ စုနေကြတယ်၊ အဲ့ဒီ တမျိုးလုံးထဲမှာ ညီမတစ်ယောက်ထဲရှိတော့ အကုန်လုံးက ခြုံပြီးချစ်ရတဲ့အတွက်ကြောင့် ဝိုင်းခြုံမဆိုပြီးခေါ်ကြတာ၊ ဆိုင်နာမည်ပေးတော့ ဗေဒင်တွေဘာ
တွေ မေးမနေတော့ဘူး ကိုယ့်နာမည်ပဲ ပေးလိုက်တာ”လို့ သူမက ရယ်မောပြီး ပြောပါတယ်။

အဲ့ဒီအကြော်ဆိုင်လေးမှာ ဗူးသီးကြော်၊ကြက်သွန်ကြော်၊အာလူးကြော်၊ တို့ဟူးကြော်၊မန္တလေးပဲကြော်၊ဘယာကြော်၊ရုံးပတေသီးကြော်၊မြင်းခွာရွက်ကြော်၊မတ်ပဲကြော်၊ဌက်ပျောကြော်အပါအဝင် အကြော်မျိုးစုံ
၁၅မျိုးရရှိပြီး တစ်ခုကို ၁၅၀ကျပ်နဲ့သာ ရောင်းချတာပဲဖြစ်ပါတယ်။

“အရင်က တစ်ရာနဲ့ရောင်းတာ အခုကဆီစျေးတွေနဲ့ ကုန်စျေးနှုန်းတက်နေလို့ တစ်ရာငါးဆယ်နဲ့ရောင်းတာ တစ်ထောင်ဖိုးရှစ်ခုဆိုတော့ သေချာတွက်ရင် ၁၂၀လောက်ပဲကျပါတယ်”လို့ မရွန်းလဲ့ဝေက ပြောပါတယ်။

အကြော်မျိုးစုံအပြင် စားသုံးသူတွေရဲ့တောင်းဆိုမှုအရ ကောက်ညှင်းပေါင်းကိုပါ အညာဘက်ကပြုလုပ်သည့်အတိုင်း ပဲလွန်းများများနဲ့ပေါင်းပြီး ရောင်းချပေးပါသေးတယ်။

အကြော်တွေဝယ်ယူတဲ့အခါ ပလစ်စတစ်အိတ်အစား စက္ကူအိတ်တွေနဲ့ထုတ်ပိုးပေးပြီး အချဉ်ရည်အနေနဲ့ မော်လမြိုင်မှာ အကြော်တွေရောင်းချတဲ့အခါ အသုံးပြုတဲ့ အချဥ်ရည်ကိုသာ ပြုလုပ်ထားပြီး ထည့်ပေးဖြစ်ပါတယ်။

သူမတို့မိသားစုဟာ အကြော်မရောင်းခင်က ထမင်းဆိုင်ဖွင့်လှစ်ခဲ့ရာ ကိုဗစ်ကာလမှာ ပါဆယ်စနစ်သာရောင်းချရမယ်ဆိုတဲ့အမိန့်ကြောင့် ရပ်နားခဲ့ပြီး အကြော်ရောင်းချခြင်းကို မိသားစုလိုက်ပြုလုပ်ဖို့ တိုင်ပင်ခဲ့တယ်လို့ပြောပါတယ်။

“ပါဆယ်စနစ်နဲ့အဆင်ပြေမယ့်အလုပ်ကို ညီမစဥ်းစားတယ် စျေးရောင်းချတာပေါ့၊ ရန်ကုန်မြို့မှာ အညာအကြော်ကောင်းကောင်း မရှိဘူးပေါ့၊ ဒါကြောင့်လုပ်ကြည့်ကြမယ်ဆိုပြီး မိသားစုနဲ့တိုင်ပင်ပြီး လုပ်ကြတာပါ”လို့ သူမကပြောပါတယ်။

အကြော်စတင်ရောင်းချရာမှာ လူငှားမခေါ်ဘဲ အိမ်ရှိမိသားစုအကုန် အကြော်ကြော်သူ ပါဆယ်ထုတ်သူ ရောင်းချသူ တက်ညီလက်ညီ ဝိုင်းဝန်လုပ်ကိုင်ကြတာဖြစ်လို့ သူမကရှင်းပြပါတယ်။

“အကြော်က နောက်ပိုင်း ရောင်းအားအရမ်းကောင်းလာတယ် မိသားစုနဲ့တောင် မရတော့ဘူး၊ လူငှားကို လစာပေးပြီး ခေါ်ရတဲ့အထိဖြစ်သွားတယ်”လို့ သူမကပြောပါတယ်။

စားသုံးသူများပြားလာပြီးနောက်မှာတော့ မရွန်းလဲ့ဝေဟာ အလုပ်သမား နှစ်ဦးကို တစ်လတစ်သိန်းကျော်ပေး၍ ခေါ်ယူခဲ့ပြီး စားရိတ်ငြိမ်းပုံစံဖြင့် ခေါ်ယူခဲ့ရပါတယ်။ ဝိုင်းခြုံမအကြော်ဆိုင်ကို နေ့လည် တစ်နာရီခွဲမှ ညနေ ငါးနာရီခွဲအထိရောင်းချပေးရာ သာမန်လက်လုပ်လက်စားများ၊ကုမ္မဏီဝန်ထမ်းတွေနဲ့ မြန်မာရိုးရာအစားအသောက်များကို ကြိုက်နှစ်သက်သူတွေကလည်း လာရောက်အားပေးကြတာဖြစ်ပါတယ်။

မြောက်ဒဂုံမှာ နေထိုင်သူတဦးက “လင်မယားနှစ်ယောက် အကြော် ခြောက်ရာဖိုးဝယ်ပြီး အိမ်ကျရင် ငပိရည်လေးနဲ့စားလိုက်တာ၊ ဟင်းမချက်တဲ့နေ့တွေဆို ကျနော်တို့က ဒီဆိုင်က အကြော်ပဲဝယ်စားတာ”လို့ ပြောပါတယ်။

တောင်ဥက္ကလာကနေ လာရောက်ဝယ်ယူသူတဦးကလည်း “အမြဲတမ်းမဟုတ်ပေမယ့် တပတ်မှာ နှစ်ခါလောက်လာဝယ်ဖြစ်တယ်၊ အိမ်ကအဖေတို့အမေတို့က အကြော်အရမ်းကြိုက်တာ ဒီဆိုင်မှာပဲ ဝယ်ဖြစ်တယ်၊ ဒါပေမယ့် အရမ်းစောင့်ရတာ တစ်ခါတစ်လေ စိတ်မရှည်ဘူး “လို့ ပြောပါတယ်။

ဝယ်ယူသူများပြားတာကြောင့် အကြော်ရဖို့ စောင့်ဆိုင်းနေသူတွေ အချိန်မှီအမြန်ရရှိရေးအတွက် ကြိုးစားသော်လည်း အလျှင်မမီတဲ့အတွက် စားသုံးသူတွေကိုလည်း အားနာမိတယ်လို့ သူမက ပြောပါတယ်။

“ဝိုင်းခြုံမ “အကြော်ကို ရပ်ဝေးကနေ လာရောက်ဝယ်ယူတွေကို အားနာလို့ လူမှုကွန်ရက်စာမျက်နှာမှာ “ဝိုင်းခြုံမ ” အကြော်စုံလုပ်ငန်း နဲ့ စာမျက်နှာ တစ်ခုပြုလုပ်ကာ စားသုံးသူတွေ အဆင်ပြေအောင် ပြီးခဲ့တဲ့လတွေက စပြီးစီစဥ်ခဲ့ပါတယ်။

Online ကနေ မှာယူသူစားသုံးသူတွေအနေနဲ့ အကြော်စုံ ၁ ဗန်းကို ၃၀၀၀၊ ငှက်ပြောကြော် ၁ပွဲကို ၁၀၀၀၊ မတ်ပဲကြော် ၁ပွဲ ၁၀၀၀၊ ကောက်ညှင်းပေါင်း ၁ပွဲ ၅၀၀ကျပ်နဲ့ မှာယူလို့ရအောင် စီစဥ်ပေးခဲ့ပါသေးတယ်။

ဝိုင်းခြုံမအကြော်ဆိုင်မှာ တစ်ရက်ကို ပျှမ်းမျှရောင်းရငွေ သုံးသိန်းနီးပါးရှိပြီး ဝယ်ယူသူများပြားတာကြောင့် ဝန်ထမ်းတွေ ထပ်မံခန့်ထားဖို့ မရွန်းလဲ့ဝေက စီစဥ်နေတယ်လို့ သိရပါတယ်။

အကြော်ရောင်းချပြီး အောင်မြင်မှုရရှိလာတာနဲ့ပတ်သက်ပြီး”ဘယ်အလုပ်မဆို အသက်ငယ်တာကြီးတာနဲ့မဆိုင်ဘူး၊ အလုပ်မှာရိုးသားရမယ် ကြိုးစားရမယ် ဝီရိယရှိရမယ် စေတနာကောင်းရမယ် အဲ့ဒါဆို အောင်မြင်မှာပါ”လို့ သူမကပြောပါတယ်။

မြောက်ဒဂုံတွင်သာမက အခြားမြို့နယ်တွေမှာလည်း ‘ဝိုင်းခြုံမ’ဆိုတဲ့ မြန်မာ့ရိုးရာအကြော်လုပ်ငန်းကို ဆိုင်ခွဲဖွင့်နိူင်အောင်အထိ လုပ်ဆောင်ဖို့လည်း သူမမှာ စိတ်ကူးတွေရှိနေပါသေးတယ်။

မီးပြင်းပြင်းဖိုထားတဲ့ မီးဖိုသုံးခုကြားမှာ ချွေးဒီးဒီးကျကာ အကြော်ကြော်နေတဲ့ မိခင်ဖြစ်သူကိုကြည့်ရင်း မရွန်းလဲ့ဝေက “ညီမ အများကြီးကြိုးစားရအုံးမယ် မိသားစုအတွက်ပေါ့”လို့ ပြောဆိုရင်း ကြော်ပြီးသားအကြော်မျိုးစုံကို စက္ကူအိတ်ထဲထည့်နေပါတော့တယ်။

#voiceofmyanmar #VOM #ဆောင်းပါး #အေးချမ်းသူ

Related posts

Leave a Comment

VOM News

FREE
VIEW