ကလေးကစားစရာတွေ ရောင်းနေရတဲ့ အသံတုဝိဇ္ဇာ

အေးချမ်းသူ(VOM)
 
“ဒီအရုပ်လေးတွေ ရောင်းရမှ ထမင်းစားရမှာလေ ဒီအရုပ်တွေ မရောင်းတော့ ဘာနဲ့စားရမလဲ၊ အသံတုပညာနဲ့က လုပ်စားလို့မရတာ ခေတ်လည်း မရှိတော့ဘူး”လို့ ပြောလာသူကတော့ မြန်မာနိူင်ငံမှာ တစ်ဦးတည်းသာကျန်တော့တဲ့ အသက် ၇၅နှစ်အရွယ် အသံတုပညာရှင်
ဦးရဲဆွေလေးပဲဖြစ်ပါတယ်။
 
မနက်အစော အိပ်ရာကနေထကာ ကလေးကစားစရာအရုပ်တွေကို ဘထ္ထရီစက်ဘီးပေါ်တင်ကာ နေအိမ်နဲ့ နီးစပ်ရာရပ်ကွက်တွေကို နေ့စဥ်သွားရောက် ရောင်းချနေရသူ ဖြစ်ပါတယ်။
 
ဂျိုကာဦးထုပ်ကို ခေါင်းမှာဆောင်း၊ နှုတ်ခမ်းမွှေးအတုကိုတပ်ထားတာကြောင့် မြင်ရသူအဖို့ သူ့ကို ဂျိုကာလူရွှင်တော်ကြီးတစ်ဦးလို့ ထင်မှတ်ရပါတယ်။
 
ရပ်ကွက်နဲ့နီးရာ စျေးတွေ၊ ကျောင်းတွေ၊ ကားဂိတ်တွေမှာ ကလေးကစားရုပ်တွေအပြင် ဂျိုကာဦးထုတ် နှုတ်ခမ်းမွှေးအတု ပူဖောင်းတွေကို သွားရောက်ရောင်းချရတာ ဟာ သူရဲ့နေ့စဥ်လုပ်ငန်းပဲဖြစ်ပါတယ်။
 
“ပူဖောင်းဆို လူတွေမဝယ်နဲ့ ပေါက်မယ် ပူဖောင်းဆိုတာ ပေါက်တဲ့အရာပဲလေ၊ တခါတလေ စိတ်ထဲမကောင်းဘူး၊ ဒါပေမယ့် ဒီလိုပဲရောင်းရတာလေ”လို့ သူကပြောပါတယ်။
 
သိမ်ကြီးစျေးကနေ ဝယ်ယူထားတဲ့ ကလေးကစားအရုပ်တွေအပြင် ကိုယ်တိုင်လုပ်ထားတဲ့ စင်္ကြာပန်ကာ၊မှုတ်ရှည်၊ ပလွေ နဲ့ နှုတ်ခမ်းအတု၊ဂျိုကာဦးထုတ်တွေကိုလည်း စက်ဘီးမှာချိတ်ပြီး မနက်၆နာရီ အိပ်
ရာကနေထကာ သွားရောက်ရောင်းချရတယ်လို့ သူကပြောပါတယ်။
 
သူနေထိုင်ရာ တောင်ဒဂုံမြို့နယ်၊ ၂၂ ရပ်ကွက်၊ ကန်ညီနောင်လမ်းက ကျူးကျော်နေအိမ်ကနေ သင်္ဃန်းကျွန်း၊သုဝဏ္ဏ၊သာကေတ စတဲ့မြို့နယ်တွေဆီကို သွားရောက်ရောင်းချရတာ ဖြစ်ပါတယ်။
 
စျေးရောင်းချတာနဲ့ပတ်သက်ပြီး”စျေးရောင်းတာက ၈၈ ကတည်းက ရောင်းတာ၊ အဲ့ဒီတုန်းက အလုပ်တွေကမရှိဘူး အနုပညာအလုပ်တွေကလည်း မကရဘူး၊ အဲ့ဒါကြောင့် စျေးရောင်းတဲ့အလုပ်ကို လုပ်ဖြစ်တာ”လို့ သူက ရှင်းပြပါတယ်။
 
မြန်မာနိူင်ငံရဲ့ အသံတုလောကကို ကြက်ဖကြီးဆိုသူက စတင်ခဲ့တာဖြစ်ပြီး ချန်ပီယံတင်ညွန့် ၊ရဲမြင့်လေး၊ရဲဆွေလေး၊ကြယ်တစ်လုံးနဲ့ကမ္ဘာကျော် စတဲ့ အသံပညာရှင် ၆ဦးရှိခဲ့ရာ လက်တလောမှာတော့ သက်ရှိထင်ရှားရှိနေတာဟာ ရဲဆွေလေးတစ်ဦးတည်းသာကျန်တော့တယ်လို့ သူကပြောပါတယ်။
 
သူဟာ အသက် ၁၆ နှစ်ကစလို့ မွန်ကျော်မြင့်၊စိန်ကျော်အေး၊ဘိုကေသန်းစိန်၊အာဇာနည်လှကြည်၊ရွှေမန်းကျော်အောင်ဇာတ်သဘင်တွေနဲ့ လက်တွဲလုပ်ခဲ့ရာကနေ ခေါင်းဆောင်မင်းသားအဖြစ် စိန်အောင်
ကျော်အမည်နဲ့ ရခိုင်ပြည်နယ်မှာ ကပြခဲ့တယ်လို့ သူကပြောပါတယ်။
 
ရခိုင်ပြည်နယ်မှာ ခေါင်းဆောင်မင်းသားအဖြစ်နဲ့ ကပြပြီးနောက် အစ်ကိုဆရာဖြစ်သူ အသံတုရဲမြင့်လေးရဲ့ခေါ်ယူမှုကြောင့် ရန်ကုန်ကို ပြန်လည်ရောက်ရှိလာပြီး အသံတုလောကကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
 
အသံတုပညာရှင်အဖြစ် ဦးရဲမြင့်လေးနဲ့တွဲဖက်ကာ တွံတေးသိန်းတန်၊မြို့တော်ချစ်ဖွယ်၊မိုးဒီ၊ မောစ့်၊တင်ကိုဝင်း၊ရွှေရွက်လှေ၊မိုးဆန်းပန်း၊ဖိုးချစ်နိူင် စတဲ့ ဇာတ်တွေမှာလည်း အသံတုပညာနဲ့ ပရိတ်သတ်ကိုဖျော်ဖြေခဲ့ပါသေးတယ်။
 
ဇာတ်သဘင်တွေမှာ နောက်ခံအသံတွေဖြစ်တဲ့ ခွေးသံ၊ကြောင်သံ၊ငှက်သံ၊မြင်းစီးသံ၊မျောက်သံ၊သေနတ်ပစ်ခတ်သံတွေဟာ အသံတုပညာနဲ့ပြောရတာဖြစ်တဲ့အပြင် ပရိတ်သတ်တွေ သဘောကျစေဖို့ ကျော်ဟိန်း၊မြတ်လေး၊ ကောလိပ်ဂျင်နေဝင်း၊တွံတေးသိန်းတန်၊စိုးရွှေ၊ဦးကျောက်လုံး စတဲ့အသံတွေကိုလည်း ပြောပြရတယ်လို့ သူကပြောပါတယ်။
 
အသံတုပညာကို အရင်ခေတ်က နည်းပညာမဖွံ့ဖြိုးတဲ့အချိန်တွေမှာ ပရိတ်သတ်တွေ စိတ်ပါဝင်စားမှုရှိသော်လည်း နည်းပညာတိုးတက်လာတဲ့ ယနေ့ခေတ်မှာ စိတ်ပါဝင်စားသူနည်းသွားတယ်လို့ သူကပြောပါ
သေးတယ်။
 
ငယ်စဥ်က အသံတုပညာနဲ့ပတ်သက်ပြီး အိမ်မှာမွေးမြူထားတဲ့ ခွေးတွေ၊ကြောင်တွေနဲါ လေ့ကျင်ခဲ့ရပြီး ကိုယ်က ခွေးကိုဟောင်ပြကာ ခွေးကအသံတူ၍ ပြန်ဟောင်ပြမှသာ ကိုယ်ရဲ့အသံ ပီပြင်တယ်လို့ သူကပြောပါတယ်။
 
နည်းပညာလုပ်တဲ့အသံနဲ့ လူကလုပ်တဲ့အသံနဲ့ ကွားခြားပုံကိုလည်း “နည်းပညာက ကွာသွားပြီလေ အရင်နဲ့အခုမတူတော့ဘူး၊ မိုက်ကရိုဖုန်းအပေါ်မူတည်တယ်၊ အရင်ကမိုက်တွေက အဲလ်ခိုးမပါဘူးလေ အရမ်းကောင်းတာ၊ အဲလ်ခိုးမပါမှ အသံတုကပြောလို့ကောင်းတာ၊ အဲလ်ခိုးပါရင်မရဘူး၊ ဒီခေတ်က အဲလ်ခိုးတွေပါနေတာလေ”လို့ သူက ပြောပါတယ်။
 
အသံတုပညာရှင်တစ်ဦးဖြစ်ပေမယ့်လည်း သားသမီးတွေဟာ သူ့ရဲ့အလုပ်ကို စိတ်ပါဝင်စားမှုမရှိတာကြောင့် လက်ဆင့်ကမ်းနိူင်ခြင်းမရှိတာကို ဝမ်းနည်းရတယ်လို့လည်း သူကပြောပါတယ်။
 
လက်တလောနိူင်ငံရေးအခြေအနေနဲ့ ကိုဗစ်ကာလအတွင်းမှာ အနုပညာလောကထဲကနေ သူ့ရဲ့စားဝတ်နေရေးအတွက် ကူညီပံ့ပိုးပေးနေသူတွေလည်းရှိပါတယ်။
 
“မောင်ဒိန်းဒေါင်တို့က ကူညီပေးပါတယ် တစ်နှစ်ကို သုံးသိန်းခွဲ မနေ့က ကူညီသေးတယ်၊ ပြီးခဲ့တဲ့ရက်ကလည်း လူရွှင်တော်မိုးစက်နဲ့ သျှန်ထွန်းတို့လည်း တစ်သိန်းလာကူညီတယ်”လို့ ပြောပါတယ်။
 
ဦးရဲဆွေလေးဟာ အသံတုပညာနဲ့ ပတ်သက်လို့ သင်ယူချင်တဲ့စိတ်ရှိတဲ့ မည်သူမဆို သင်ကြားပေးဖို့ စိတ်ဆန္ဒရှိနေသူလည်း ဖြစ်ပါတယ်။
 
“ဘယ်သူပဲလာသင်သင် အခမဲ့သင်ပေးမယ်၊ ဒါပေမယ့် သင်မယ့်သူက မရှိဘူးလေ၊ ပျောက်ကွယ်သွားမှာစိုးတယ် အဲ့ဒါကြောင့်ပါ”လို့ သူက ရှင်းပြပါတယ်။
 
တခေတ်တခါက အသံတုလောကမှာ ပါးစပ်သေနတ်ပစ် အသံတု၊ တိရစ္ဆာန်အသံတု၊ လူအသံတုနဲ့ ကျော်ကြားခဲ့တဲ့ အသံတုပညာရှင် ဦးရဲဆွေလေးတယောက် ကျူးကျော်တဲမှာ ထိုင်နေရင်း လေပန်ကာတွေလုပ်ကာ အိမ်ပြင်ကို ငေးကြည့်နေပါတော့တယ်…….။
 
#voiceofmyanmar #VOM #ဆောင်းပါး #အသံတု #အရုပ်ရောင်း #ဦးရဲဆွေလေး

Related posts

Leave a Comment

VOM News

FREE
VIEW