မန္တလေးမှာ ၅၀၀ ကျပ်တန် တန်ဖိုးနည်း ထမင်းဆိုင် နှစ်ဆိုင်ဖွင့်တာမှာ တနာရီအတွင်းကုန်

မန္တလေး၊ ဒီဇင်ဘာ- ၂၀၂၁
ရှိုင်းအောင်(VOM)
 
အခြေခံလူတန်းစားတွေအတွက် စားဝတ်နေရေးပြေလည်အောင်ရည်ရွယ်ပြီး မန္တလေးမြို့မှာ ၅၀၀ ကျပ်တန် တန်ဖိုးနည်းထမင်းဆိုင် ဒီကနေ့မှာတင် နှစ်ဆိုင်ဖွင့်လှစ်ခဲ့တာမှာ အားပေးသူများလို့ တနာရီအတွင်း ကုန်သွားခဲ့ပါတယ်။
 
မဟာအောင်မြေမြို့နယ် ၃၇ A လမ်း ၆၀×၆၁ လမ်းကြား ပြည်ကြီးမျက်ရှင်ကားကြီးကွင်းတောင်ဘက်မှာရှိတဲ့ ရွှေဘုန်းလူငယ်ပရဟိတအသင်းသားတွေ စုပေါင်းပြီး တန်းဘိုးနည်း ထမင်းဆိုင်ဖွင့်လှစ်ခဲ့သလို လမ်း ၃၀ နဲ့ ၉၀ လမ်းထောင့်က မိဘမေတ္တာ မာလာဟင်းဆိုင်ကလည်း ၅၀၀ ကျပ်တန် တန်ဖိုးနည်းထမင်းဆိုင်ကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
 
ရွှေဘုန်းလူငယ်ပရဟိတအသင်းက မပွင့်မြတ်ဗိုလ်ကတော့”အခြေခံလူတန်းစားတွေက အခုချိန်မှာ အလုပ်လက်မဲ့တွေဖြစ်နေတဲ့အတွက် စားဝတ်နေရေးခက်ခဲတာကြောင့် ၅၀၀ ဆိုတဲ့ အတိုင်းအတာတစ်ခုဆိုတော့ လူတိုင်းစားသောက်နိုင်တဲ့ အခြေအနေရှိတဲ့အတွက်ကြောင့် ၅၀၀ တန်ထမင်းဆိုင်လေးကို ဖွင့်ဖြစ်တာဖြစ်ပါတယ် ဒီနေ့အတွက်ကို ပထမဦးဆုံး အစမ်းဖြစ်လို့ လူ ၃၀၀ စာစီစဥ်ထားပေမယ့် တစ်နာရီအတွင်းမှာကုန်သွားတာပါ ။ နောက်ရက်တွေကို ထပ်တိုးဖို့ အစီအစဥ်ရှိသေးတယ်” လို့ပြောပါတယ်။
 
“ကျနော်တို့က ဒီဟာကိုလုပ်ပြီဆိုကတည်းက အရှုံးရှိမယ်ဆိုတာ သေချာပေါက်တွက်ထားပါတယ်။ကျနော်တို့က လူမှုကူညီရေးအသင်းဖြစ်တဲ့အတွက် သူတို့ကိုအဆင်ပြေချင်တာဖြစ်တဲ့အတွက်ကြောင့် အရှုံးကိုဆက်လက်ပြီးတော့ ရင်ဆိုင်မှာပါ” လို့ မပွင့်မြတ်ဗိုလ်က ပြောပါတယ်။
 
အသင်းကလူငယ်တွေ ပိုက်ဆံစုပြီး ကိုယ်ထူကိုယ်ထလုပ်တာဖြစ်တဲ့အတွက် တစ်ပတ်ကို တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့တွေမှာပဲ ရောင်းချပေးမှာဖြစ်ပြီး အလှူရှင်တွေရှိလာရင်တော့ တစ်ပတ်ကို ၅ ရက်နဲ့ နေ့တိုင်းရောင်းချပေးသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။
 
မိဘမေတ္တာ တန်ဖိုးနည်းထမင်းဆိုင်က မနိုဝင်ဘာငြိမ်းကလည်း ” တန်ဖိုးနည်းထမင်းဆိုင်ဒီကနေ့စဖွင့်ဖြစ်တယ်။ ဒါပေမယ့် အဆိုတော်မောင်လေးက သူ့စေတနာနဲ့ လှူချင်တယ်ဆိုလို့ ဒီနေ့ကတော့ ရောင်ချတာမဟုတ်ပါဘူး။ လာတဲ့သူတွေအားလုံးကို အခမဲ့လေးဝေပေးပါဆိုလို့ အမတို့က ဝေပေးတာပါ။ စီစဥ်ထားတာတော့ လူ ၃၀၀ စာလောက်ဆိုပေမယ့် ဒီမှာလာတာတာကတော့ လူ ၄၀၀ လောက်ရှိမယ်” လို့ VOM ကိုပြောပါတယ်။
 
မိဘမေတ္တာထမင်းဆိုင်ကတော့ ဒီကနေ့မှာ မနက် ၁၁ နာရီကနေ ဖွင့်လှစ်ခဲ့တာဖြစ်ပေမယ့် မနက်ဖြန်ကစလို့ ညနေ ၄ နာရီမှာ စတင်ဖွင့်လှစ်ရောင်းချပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
 
“အမတို့ကိုယ်တိုင်ကလည်း ချို့တဲ့ပြည်သူတစ်ယောက်ဘဲလေ အမအရင်က ဒီမှာ မာလာဟင်းနဲ့ အကင်ဆိုင်လေးဖွင့်ထားတယ် ရောင်းရတာအဆင်မပြေဘူး အကုန်လုံးခက်ခဲနေတဲ့အချိန်ဆိုတော့လေ ဒီလိုဆိုင်လေးဖွင့်လိုက်ရင် ကိုယ့်အတွက်လည်း ကုသိုလ်ရမယ်၊ အကုန်လုံးလည်းအဆင်ပြေမယ်ဆိုပြီးတော့ ချက်ခြင်းအကောင်အထည်ဖော်လိုက်တာပါ”လို့ မနိုဝင်ဘာငြိမ်းက ပြောပါတယ်။
 
မိဘမေတ္တာထမင်းဆိုင်ရှင် မနိုဝင်ဘာငြိမ်းကတော့ သူ့ရဲ့ကိုသိုလ်ပြုတဲ့အတိုင်းအတာနဲ့ အလှူရှင်တွေအပေါ်မှာမူတည်ပြီး လုပ်ခွင့်ရှိတဲ့အချိန်အထိ ရင်ဆိုင်ပြီး ရပ်တည်သွားမယ်လို့လည်းဆိုပါတယ်။
 
#vom #voiceofmyanmar #တန်ဖိုးနည်းထမင်းဆိုင်

Related posts

Leave a Comment

VOM News

FREE
VIEW