Omicron ကိုဗစ်မျိုးကွဲ ကူးစက်မလာစေဖို့ သတိပြုပါ

သွေး (စစ်ကိုင်း)

ကမ္ဘာတဝှမ်း လူသားတွေရဲ့ လူနေမှုဘဝနဲ့ စီးပွားရေးတွေကို ထိခိုက်စေခဲ့တဲ့ ကိုဗစ် ၁၉ ရောဂါပိုးဟာ မျိုးကွဲအမျိုးမျိုးနဲ့ အသွင်ပြောင်းပြီး ဆက်လက်ကူးစက်နေဆဲ ဖြစ်ပါတယ်။ နောက်ဆုံးတွေ့ရှိလာရတဲ့
မျိုးကွဲကိုတော့ Omicron လို့ အမည်ပေးထားတဲ့ မျိုးကွဲပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)က ဒီမျိုးကွဲဟာ အရင်တွေ့ရှိထားတဲ့ ကိုဗစ်မျိုးကွဲတွေထက် ကူးစက်နိုင်မှု ပိုမိုမြန်ဆန်, မြင့်မားတာကြောင့် နိုင်ငံတွေ အနေနဲ့ ပြင်ဆင်သင့်တာ ပြင်ဆင်ထားကြဖို့ သတိပေးထား ပါတယ်။

ကိုဗစ် တတိယလှိုင်း ဖြစ်ပွားခဲ့တဲ့ ကာလအတွင်း မြန်မာနိုင်ငံမှာ ကူးစက်ခံရသူ အများအပြား ရှိခဲ့ရုံသာမက သေဆုံးမှုတွေလည်း များပြားခဲ့ပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ Omicron မျိုးကွဲ ကူးစက်ခံရမှု မရှိအောင် တစ်ဦးချင်းစီ, တစ်ယောက်ချင်းစီက ကြိုတင်ကာကွယ်ကြဖို့ အထူးလိုအပ်နေပါတယ်။ ကိုဗစ်အသွင်ပြောင်းကူးစက်မျိုးကွဲဖြစ်တဲ့ B.1.1.529 ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက Omicron လို့ အမည်ပေးခဲ့တာပါ။ အရင်တွေ့ရှိခဲ့တဲ့ မျိုးကွဲတွေနဲ့ မတူတဲ့အချက်က Omicron မျိုးကွဲဟာ မျိုးဗီဇပြောင်းလဲမှု ၅၀ ကြိမ်ထိ ရှိတယ်လို့ ဘီဘီစီ သတင်းတရပ်မှာ ဖော်ပြထားပါတယ်။

Omicron မျိုးကွဲကို စတင်တွေ့ရှိရတာက တောင်အာဖရိကနိုင်ငံနဲ့ ဘော့ဆွာနာနိုင်ငံတွေ ဖြစ်ပြီး ဒယ်လ်တာမျိုးကွဲထက် ကူးစက်မှု ပိုမိုမြန်ဆန်နိုင်တယ်လို့ သိရပါတယ်။

အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးဗဟို (CDC)က နိုဝင်ဘာ ၂၇ ရက်နေ့မှာ အာဖရိကတောင်ပိုင်း ၈ နိုင်ငံကို အမေရိကန်နိုင်ငံသားတွေ ခရီးမသွားကြဖို့ အကြံပြုထားပါတယ်။ မာလာဝီ၊ ဇင်ဘာဘွေ၊ ဘော့ဆွာနာ၊ နမီးဘီးယား၊ တောင်အာဖရိက၊ မိုဇမ်ဘစ်၊ အက်စဝါတီနီနဲ့ လီဆိုသိုနိုင်ငံတွေပါ။ ဗြိတိန်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ အီတလီ၊ ဟောင်ကောင်၊ အစ္စရေးအပါအဝင် နိုင်ငံပေါင်း ၂၀ မှာ Omicron ကိုဗစ်မျိုးကွဲက ကူးစက်ပျံ့နှံ့နေတာ ဖြစ်ပါတယ်။ ဒါကြောင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံက တောင်အာဖရိက၊ ဘော့ဆွာနာနိုင်ငံတွေကလာတဲ့ ခရီးသွားတွေကို ရောဂါပိုး ကူးစက်ခံရတာ ရှိ၊မရှိ စစ်ဆေးဖို့ ညွှန်ကြားထားပါတယ်။

ကနေဒါနိုင်ငံကတော့ ပြီးခဲ့တဲ့ သီတင်း ၂ ပတ်အတွင်း တောင်အာဖရိကနဲ့ အိမ်နီးချင်း ၇ နိုင်ငံ သွားရောက်ခဲ့သူတွေကို ပြည်ဝင်ခွင့် တားမြစ်ထားပြီး၊ အမေရိကန်ကလည်း အလားတူ ပြည်ဝင်ခွင့် ကန့်သတ်သွားမယ်လို့ ကြေညာထားပါတယ်။ ထိုင်းနိုင်ငံကလည်း ၎င်း ၈ နိုင်ငံ ခရီးသွားတွေကို နိုင်ငံတွင်း ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။

ကိုဗစ် ၁၉ ကူးစက်မှု အကြီးအကျယ် ခံနေရတဲ့ ဥရောပတိုက် အတွက်တော့ Omicron မျိုးကွဲဟာ ကျန်းမာရေးအတွက် ပိုမိုကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနေတာပါ။ ကာကွယ်ဆေးထိုးနှံတဲ့ အစီအစဉ်တွေ တိုးမြှင့်လုပ်ဆောင်နေပေမယ့် Omicron မျိုးကွဲကို ကာကွယ်ဆေးတွေရဲ့ အာနိသင်က ထိရောက်စေနိုင်ပါ့မလား ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေပါ ထွက်ပေါ်လာစေခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ အထိ ဥရောပတလွှားမှာ ကိုဗစ် ၁၉ ကြောင့် သေဆုံးခဲ့ရသူ ၁ သန်းခွဲကျော်ထိ ရှိသွားပါပြီ။

Omicron မျိုးကွဲရဲ့ မျိုးဗီဇပြောင်းလဲမှု အကြိမ် ၅၀ မှာ ၃၂ ခုက Spike လို့ခေါ်တဲ့ ‘ပရိုတိန်းအတက်’ လေးတွေမှာ တွေ့ရတာကြောင့် ဆေးပညာရှင်တွေက စိုးရိမ်နေတာ ဖြစ်ပါတယ်။ လက်ရှိ ထိုးနှံပေးနေတဲ့ ကိုဗစ်ကာကွယ်ဆေးတွေက ဒီမျိုးကွဲကို ကာကွယ်ပေးနိုင်ပါ့မလား လို့ တွေးပူနေကြသူတွေ ရှိသလို… လိုအပ်လာရင် ကာကွယ်ဆေးအသစ်တွေ ထပ်မံစမ်းသပ် ထုတ်လုပ်ရမှာလည်း ဖြစ်ပါတယ်။ ကာကွယ်ဆေးအသစ် ထုတ်လုပ်ဖို့ကလည်း ကျယ်ပြန့်တဲ့ လေ့လာမှုတွေ၊ စမ်းသပ်မှုတွေကို အချိန်ယူလုပ်ဆောင်ဖို့လည်း လိုအပ်နေပါသေးတယ်။

နောက်ဆုံးသိရတဲ့ အချက်အလက်တွေအရ UK နိုင်ငံ၊ စကော့တလန်မှာ Omicron မျိုးကွဲ ကူးစက်ခံရသူ ၆ ယောက်တွေ့ရတယ်လို့ သိရပါတယ်။ နယ်သာလန်နိုင်ငံမှာလည်း တောင်အာဖရိကနိုင်ငံက ပြန်လာသူတွေထဲက ကူးစက်ခံရသူ ၁၃ ယောက်တွေ့ရှိရကြောင်း အတည်ပြုပါတယ်။ ဂျပန်နိုင်ငံနဲ့ ပြင်သစ်နိုင်ငံတွေကလည်း နိုဝင်ဘာ ၃၀ ရက်နေ့မှာ Omicron မျိုးကွဲတွေ တွေ့ရှိလာကြောင်း အသိပေးခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကူးစက်မှုအန္တရာယ် မြင့်မားနိုင်ကြောင်း သတိပေးထားတဲ့အတွက် နိုင်ငံအသီးသီးက ကာကွယ်တုံ့ပြန်ရေး
အစီအမံတွေ တိုးမြှင့်လုပ်ဆောင်လာနေတာ တွေ့ရပါတယ်။

ဘီဘီစီ သတင်းတစ်ရပ်မှာတော့ အစ္စရေးနိုင်ငံက သူ့နိုင်ငံနယ်စပ်တွေ အားလုံးကို ပိတ်ပစ်လိုက်သလို UKမှာတော့ ဈေးဆိုင်တွေနဲ့ ကား, ရထား စတဲ့ လူအများစု ရှိနေနိုင်တဲ့ နေရာတွေမှာ နှာခေါင်းစည်း (mask) မတပ်,မနေရ တပ်ဆင်ရမယ်လို့ စည်းကမ်းချက် ထုတ်ပြန်ထားပါတယ်။

အနည်းငယ် စိတ်သက်သာစရာ တွေ့ရှိချက် တစ်ခုက Omicron မျိုးကွဲဟာ ရောဂါလက္ခဏာ ပြင်းထန်မှု သိပ်မရှိဘူးဆိုတဲ့ အချက်ပါ။ တောင်အာဖရိက ဆေးပညာအစည်းအရုံး အကြီးအကဲ Dr. Angelique Coetzee ရဲ့ ပြောကြားချက်အရ – ရောဂါကူးစက်ခံရရင် တွေ့ရတတ်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်တဲ့ ဖျားတာ၊ ချောင်းဆိုးတာ၊ မောပန်းတာ၊ ကြွက်သား နာကျင်ကိုက်ခဲတာ၊ ခေါင်းကိုက်တာ၊ လည်ချောင်းနာတာ၊ အနံ့ပျောက်တာတွေ တွေ့နိုင်ပါသတဲ့။

မြန်မာနိုင်ငံမှာတော့ Omicron မျိုးကွဲ ကူးစက်လာမျိုး အခုအထိ မရှိသေးပေမယ့် သတိကြီးကြီး ထားရမှာပါ။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ရောဂါပိုး ကူးစက်ခံရသူ ရာခိုင်နှုန်း လျော့ကျလာပြီလို့ သိရပါတယ်။ နိုဝင်ဘာ ၃၀ ရက်နေ့ညပိုင်း ထုတ်ပြန်ချက်မှာ ကိုဗစ် ၁၉ အတည်ပြုလူနာ ၄၁၇ ဦးတွေ့ရှိရကြောင်းနဲ့ Omicron မျိုးကွဲ ကူးစက်ခံရမှု မရှိစေရေးအတွက် ကာကွယ်ထိန်းချုပ်‌ရေး လုပ်ငန်းတွေ
လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်မှာ ကိုဗစ် ၁၉ ကူးစက်ခံရသူတွေ ဆက်လက်ရှိနေသလို သိပ်မကြာသေးမီကပဲ ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာ ကိုဗစ်ကူးစက်ခံရသူတွေ မြင့်တက်လာတာ၊ ရခိုင်ပြည်နယ်မှာ ကူးစက်ခံရသူ အနည်းငယ် တိုးလာတာတွေက သတိပြုရမယ့် အနေအထားပါ။ ဒါတင်မက လူဦးရေထူထပ်များပြားတဲ့ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာလည်း ကာကွယ်ဆေး ထိုးနှံပြီးတယ်ဆိုရင်တောင်မှ ကူးစက်မှု အလွယ်တကူ မခံရအောင် ကိုဗစ်စည်းကမ်းတွေကို မဖြစ်မနေ ဆက်လက်လိုက်နာရမှာ ဖြစ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးဟာ ရောဂါမကူးစက်နိုင်အောင် ကာကွယ်ပေးတာ မဟုတ်ဘဲ ကူးစက်ခံရရင် ရောဂါပြင်းထန်မှုနဲ့ သေဆုံးမှု လျော့ကျအောင် ကာကွယ်ပေးတယ်ဆိုတာ သတိပြုသင့်ပါတယ်။

မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၂၇ ရက်နေ့အထိ ကာကွယ်ဆေး ၁ ကြိမ်ထိုးနှံပြီးသူ ၄ ဒသမ ၈ သန်း၊ ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံပြီးသူ ၁၁ ဒသမ ၆၁ သန်း၊ စုစုပေါင်း ၁၆ ဒသမ ၄၈ သန်းရှိပြီလို့ ထုတ်ပြန်ချက်တွေ အရ သိရပါတယ်။ ကာကွယ်ဆေး ထိုးနှံပြီးပြီ ဆိုပေမဲ့ အပြင်ထွက်တိုင်း နှာခေါင်းစည်းကို မဖြစ်မနေ တပ်ဆင်သင့်ပါတယ်။ အသက် ၆၀ ကျော် ရောဂါအခံရှိသူတွေ အပြင်ထွက်တာကိုပါ ရှောင်ကြဉ်သင့်တယ် လို့ အကြံပြုချက်တွေလည်း ရှိပါတယ်။

ကျန်းမာရေး အသိပညာပေးဆောင်းပါးတွေ ရေးသားတင်ပြနေတဲ့ ဒေါက်တာတင့်ဆွေကလည်း “ပြည်သူတွေ အနေနဲ့ ကိုဗစ်ကို ကာကွယ်ဖို့ အတွက် အချက် ၈ ချက်ကို လိုက်နာသင့်ပါတယ်” လို့ မေးမြန်းခန်း တစ်ခုမှာ ဖြေကြားပါတယ်။

အဲဒီအချက်တွေကတော့ လူစုလူဝေးနေရာတွေကို အတတ်နိုင်ဆုံး ရှောင်ဖို့၊ အပြင်ထွက်တိုင်း နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ဖို့၊ လူတစ်ယောက်နဲ့ တစ်ယောက် ၆ ပေကွာနေရတဲ့ စည်းကမ်းကို လိုက်နာဖို့၊ နေအိမ်, ရုံး, ကျောင်း စတာတွေမှာရှိတဲ့ မျက်နှာပြင်တွေကို ပိုးသန့်ဆေးဖျန်းဖို့၊ ဘယ်နေရာရောက်နေနေ လက်ဆေးဖို့၊ လက်ကို မကြာခဏ ဆေးတဲ့ အခါ ရိုးရိုးဆပ်ပြာနဲ့ရေက အကောင်းဆုံးဖြစ်ပြီး အရေးပေါ် အတွက်သာ လက်ဆေးရေကို သုံးဖို့၊ ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှု ခံယူဖို့၊ ကျန်းမာရေးဆိုင်ရာ ထုတ်ပြန်ချက်တွေကို လိုက်နာဖို့၊ လူအများရှိရာ နေရာတွေ ရောက်နေရင်လည်း နှာခေါင်းစည်း တပ်ဆင်ဖို့ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံပြီးသူတွေလည်း ဖော်ပြပါ စည်းကမ်းချက်တွေကို လိုက်နာရမှာ ဖြစ်တယ်လို့ ဒေါက်တာ တင့်ဆွေက အကြံပြုပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံ့လူဦးရေရဲ့ အနည်းဆုံး ၇၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး ထိုးနှံပြီးချိန်မှသာ လူအများစုကာကွယ်မှုအဆင့် ဆိုတဲ့ Hard Immunity ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးပြီးပြီ ဆိုပြီး နှာခေါင်းစည်း မတပ်ဘဲ လူအများကြား သွားလာတာ၊ ဘတ်စ်ကားစီးတာတွေကို ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။

Omicron မျိုးကွဲပိုးကူးစက်မှု မြန်မာနိုင်ငံမှာ ရှိမလာစေရေး တစ်ဦးတစ်ယောက်ချင်းစီရဲ့ စည်းကမ်းလိုက်နာမှုအပေါ် အများကြီးမူတည်နေပါတယ်။ ကိုဗစ်ကာကွယ်ဆေး ထိုးနှံဖို့ အခွင့်အလမ်းရှိသူတိုင်း ထိုးနှံမှု ခံယူကြရမှာဖြစ်သလို ပြည်သူအချင်းချင်း အသိပေးမှု၊ ဖေးမ,ကူညီမှုတွေနဲ့ ကိုဗစ်ကာကွယ်ရေးမှာ ပါဝင်ကြဖို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။

#voieofmyanmar #VOM #ဆောင်းပါး #အိုမီခရွန် #ကိုဗစ်မျိုးကွဲ

Related posts

Leave a Comment

VOM News

FREE
VIEW