ဖားကန့် ဆိုင်ဂျာဘွမ်ရွာနားမှာ ကျောက်မျက် ကုမ္မဏီ စွန့်ပစ်မြေစာပုံ ပြိုကျလို့ လူ ၁ ဒါဇင်ကျော် ပျောက်ဆုံးနေ

ဒီဇင်ဘာ ၊ ၂၀ ၊ ၂၀၂၁
နှင်းဖြူဝေ (VOM)
 
ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ၊ ဖားပြင်ကျေးရွာနဲ့ အထက်မနမှော်ကြား၊ ဆိုင်းဂျာဘွမ်ကျေးရွာအနီးမှာရှိတဲ့ ကျောက်မျက်တူးဖော်ရေး ကုမ္မဏီလုပ်ကွက်ဟောင်းက မြေစာပုံဟာ ဒီဇင်ဘာ၁၉ ရက် မနေညနေပိုင်းက အြေစာပုံပြိုကျတဲ့အတွက် လူ ၁ ဒါဇင်ကျော် ပျောက်ဆုံးနေတယ်လို့ နယ်ခံ လူမှုကူညီရေး အဖွဲ့တွေထံက သိရပါတယ်။
 
” ဖြစ်တဲ့အချိန်က နေ့ခင်း ၁ နာရီနောက်ပိုင်းမှာ ၊ YTT ကုန်းအောက်က မြေစာပုံဟောင်းပြိုကျသွားတာပါ ၊ အဲ့ဒီ မြေစာပုံဘေးမှာ နွံအိုင်ရှိတယ် ၊ ပြိုကျတဲ့ မြေစာပုံဝန်းကျင်မှာ ကျောက်ရှာနေတဲ့သူတွေ ပါသွားတယ် ၊ ခန့်မှန်း အရေအတွက် ၁၄ ယောက် ၊ ၁၅ ယောက် အနည်းဆုံးရှိမယ် ” လို့ နယ်ခံ ပရဟိတ စေတနာ့ ဝန်ထမ်း တစ်ဦးက ပြောပါတယ်။
 
” မြေစာပုံ ပြိုကျတယ်ဆိုတာ အတည်ပြုလို့ရတယ် ၊ ပျောက်ဆုံး လူဦးရေ ၁ ဒါဇင်ကျော်နိုင်တယ် ၊ အလောင်းတွေ့မှ အရေအတွက် အတည်ပြုပေးနိုင်မှာ ” လို့ ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။
 
အဲ့ဒီ မြေစာပုံပြိုကျတဲ့နေရာမှာ နယ်ခံ လူမှုကူညီရေး အဖွဲ့တွေနဲ့ မီးသတ်အဖွဲ့တွေဟာ မနေ့က ညနေခင်းကစလို့ ပျောက်ဆုံးနေသူတွေ ပြန်လည်ရရှိဖို့ ကြိုးစား ရှာဖွေပေမယ့် ဒီမနက်အထိ ပြန်လည်တွေ့ရတာ မရှိသေးဘူးလို့ သိရပါတယ်။
 
ဖားကန့်ဒေသမှာ စနစ်တကျစွန့်ပစ်တာမရှိတဲ့မြေစာပုံနဲ့ ဒီမြေစာပုံဟောင်းတွေမှာ အသက် ပဓာနမထားနိုင်ဘဲ ဝမ်းရေးအတွက် ကျောက်ရှာကြတဲ့ ရေမဆေးသမားတွေနဲ့ လုပ်သားတွေဟာ မကြာခဏဆိုသလို မြေစာပုံပိလို့ သေဆုံးနေရတာဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #ဖားကန့်မြေစာပုံပြို

Related posts

Leave a Comment

VOM News

FREE
VIEW