ပြည်တွင်း စားသုံးဆီလုံလောက်ဖို့ ပြည်ပကနေ နှစ်စဉ် ဆီ တန်ချိန် ၉ သိန်းကျော်တင်သွင်းနေရ၊ စားသုံးဆီစျေး ၅၀၀၀ ကျော်အထိမြင့်တက်နေဆဲ

ဒီဇင်ဘာ၂၁-၂၀၂၁
GH (VOM)
 
ပြည်တွင်းမှာ စားသုံးဆီ ထုတ်လုပ်နိုင်မှုပမာဏ လုံလောက်ဖူလုံမှုမရှိလို့ ပြည်ပကနေ နှစ်စဉ် ဆီတန်ချိန် ၉ သိန်းကျော် တင်သွင်းနေရဆဲဖြစ်တယ်လို့ သိရပါတယ်။
 
ပြည်တွင်းမှာသာ ဆီထွက်သီးနှံတွေကို တိုးချဲ့စိုက်ပျိုးပြီး ပြည်တွင်းစားသုံးဆီလိုအပ်ချက်ကို ပြည့်မှီအောင် ထုတ်လုပ်နိုင်မယ်ဆိုရင် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချနိုင်မှုအပါအဝင် အလုပ်အကိုင်အခွင့်အလမ်း စတဲ့အကျိုးကျေးဇူးအားလုံးကို ရရှိနိုင်မှာဖြစ်ပေမယ့်ပြည်တွင်း စားသုံးဆီ လစဉ်ကြိတ်ခွဲထုတ်လုပ်နိုင်မှုက ပျမ်းမျှတန်ချိန် ၁၈၀၀၀ ကျော်ရှိကြောင်း၊ လက်ရှိမှာဆိုရင် စက်တချို့က ရပ်နားထားခြင်း၊ ကုန်ကြမ်းရရှိမှု နည်းပါးလို့ စက်စွမ်းအားပြည့် လည်ပတ်နိုင်မှုမရှိဘူးလို့လည်းသိရပါတယ်။
 
ဒါ့ကြောင့် စားအုံးဆီကို ပြည်ပကနေတင်သွင်းနေရပြီး အရင်က အနိမ့်ဆုံးစားအုန်းဆီစျေး တစ်ပိသာကို ၁၈၀၀ ကျပ်ကနေ အများဆုံး ၂၅၀၀ ကျပ်သာရှိနေရာက လက်ရှိမှာ တပိဿာ ၅၀၀၀ ကျပ်ကျော်အထိ မြင့်တက်လာပြီး ၊ မြန်မာနိုင်ငံကုန်သည်နှင်ဆီလုပ်ငန်းရှင်များအသင်းကနေ ခွဲတမ်းနဲ့ ပြည်သူဆီအရောက် တိုက်ရိုက်ရောင်းချပေးနေတဲ့ စားသုံးဆီ တပိဿာကိုပင် ၄၃၅၀ ကျပ်ရှိနေပါတယ်။
 
” စျေးတွေက တအားတက်တော့ အရင်က ဆီပေပါ ၁၀၀ ဝယ်ပြီးလှောင်နိုင်ရင် အခု ၅၀ လောက်ပဲရတော့တယ်။တချို့ဆိုရင် လုပ်ငန်းရပ်လိုက်ရတာထိရှိခဲ့တယ်။အသင်းကနေ ဆီတွေခွဲတမ်းနဲ့ပြန်ရောင်းပေးတာလည်းရှိပေမယ့် မလောက်ငှတော့ စျေးကတက်နေဆဲပဲ။ပြည်ပ တင်သွင်းစျေးကိုကမြင့်နေတော့ ဘယ်လိုမှ အဆင်မပြေဘူး။ “လို့ စားသုံးဆီ ရောင်းဝယ်ရေးလုပ်ငန်းရှင်တဦးကပြောပါတယ်။
 
ပြည်တွင်းစားသုံးဆီ ဖူလုံဖို့အတွက်ဆိုရင် ဆီထွက်သီးနှံ စိုက်ဧကနဲ့ အထွက်နှုန်း ပိုမိုတိုးတက်လာရေးအပါအဝင် ပြည်တွင်းမှာထုတ်လုပ်နေတဲ့ စားသုံးဆီတွေ ဈေးကွက်ဝေစု ပိုပြီးရရှိရေးအပြင် စားသုံးဆီထုတ် လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ၊ ဆီထွက် သီးနှံကဏ္ဍ (Supply Chain) တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာရေး၊ ဆီထွက်သီးနှံစိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေး အားလုံး လိုအပ်နေတယ်လို့ သိရပါတယ်။
 
ဆီထွက်သီးနှံကိုသာ တန်ဖိုးမြှင့်ထုတ်ကုန်တွေအဖြစ် ပြောင်းလဲထုတ်လုပ်ပြီး ပြည်ပကို တင်ပို့ရောင်းချနိုင်ပါက နိုင်ငံခြားဝင်ငွေရရှိလာနိုင်မယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။
 
စားအုန်းဆီ စျေးမြင့်တက်မှုက စားသုံးသူတွေအပြင် ဆီလုပ်ငန်းရှင်တွေကိုပါ ထိခိုက်ခဲ့တာကြောင့် တချို့သောဆီလုပ်ငန်းရှင်တွေ အလုပ်ရပ်နားထားရတဲ့အထိဖြစ်သွားတာမျိုးရှိခဲ့တယ်လို့ ဆီလုပ်ငန်းရှင်တွေဆီကသိရပါတယ်။
 
မြန်မာတစ်နိုင်ငံလုံး စားသုံးဆီဖူးလုံရေးအတွက် စားသုံးဆီကို မလေးရှားနိုင်ငံ နဲ့ အင်ဒိုနီးရှားနိုင်ငံမှ အဓိက တင်သွင်းနေရတာဖြစ်တယ်လို့လည်း သိရပါတယ်။
 
#voiceofmyanmar #VOM #ပြည်တွင်း #စားသုံးဆီဈေး

Related posts

Leave a Comment

VOM News

FREE
VIEW