NLDအစိုးရလက်ထက်က မကွေးတိုင်းဝန်ကြီးချုပ်နဲ့ဝန်ကြီးတွေကို ထောင်ဒဏ်အသီးသီးချမှတ်

ဒီဇင်ဘာ ၃၀၊၂၀၂၁
KK(VOM)
 
NLDအစိုးရလက်ထက်က ဝန်ကြီးချုပ်နဲ့ဝန်ကြီးတွေကို ဒီကနေ့ မနက်ပိုင်းက မကွေးအကျဥ်းထောင်ကနေ အလုပ်ကြမ်းနဲ့ထောင်ဒဏ်တွေကိုချမှတ်လိုက်တယ်လို့ NLDပါတီဝင်တွေဆီက သိရပါတယ်။
 
မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညိုကို ဒီကနေ့ မနက်ပိုင်းက မကွေးအကျဥ်းထောင်ရှိ အထူးတရားရုံးကနေ ထောင်ဒဏ်၁၈နှစ်ချမှတ်ခဲ့တယ်လို့ အမှုလိုက်ရှေ့နေတဦးက ပြောပါတယ်။
 
“အဂတိပုဒ်မ ၅၅နဲ့ ၆ မှုအတွက် ၁၈နှစ်ချတာပါ၊ အသက်ကြီးပြီဗျာ အရင်က ပုဒ်မ ၅၀၅နဲ့လည်း ၂နှစ်ချထားတယ် အားလုံးပေါင်းရင် အနှစ်၂၀ ရှိပြီ”လို့ သူကပြောပါတယ်။
 
ဒေါက်တာအောင်မိုးညိုကို ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်ကလည်း ပုဒ်မ ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၂နှစ်ချမှတ်ခဲ့ပါသေးတယ်။
 
တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာကို အဂတိပုဒ်မ ၅၅ နှစ်မှုအတွက် တစ်မှုကိုထောင်ဒဏ် ၃နှစ်နဲ့ ၂ အမှုအတွက် ထောင်ဒဏ် ၆ချမှတ်ခဲ့ပါတယ်။
 
ဆောက်လုပ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးတင်နွယ်ဦးကို အဂတိဥပဒေပုဒ်မ ၅၅ နဲ့ လေးမှုအတွက် တစ်မှုကို ၃နှစ်နှုန်းဖြင့် ၁၂ နှစ် ချမှတ်ခဲ့ပါတယ်။
 
လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးကို ဒီကနေ့မနက်ပိုင်းမှာ မကွေးအကျဥ်းထောင်က အထူးတရားရုံးမှာပဲ အဂတိပုဒ်မ ၅၅ အမှု၂ မှုအတွက် တစ်မှုကို ၃ နှစ်နဲ့ ၆နှစ်ချမှတ်ခဲ့ပါတယ်။
 
အလားတူ သယံဇာတ သဘာဝပတ်ဝန်းကျင်နဲ့ လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်ကိုလည်း မကွေးအကျဥ်းထောင်မှာ အဂတိပုဒ်မ၅၅နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တယ်လို့ NLD ပါတီဝင်တွေဆီက သိရပါတယ်။
 
အလားတူပဲ ဒီကနေ့ မနက်ပိုင်းက မြစ်ကြီးနားအကျဥ်းထောင်တရားရုံးကနေ ကချင်ပြည်နယ်အစိုးရအဖွဲ့က လူဝင်မှုကြီးကြပ်ရေးနဲ့လူ့စွမ်းအားအရင်းမြစ်ဝန်ကြီးဦးဇော်ဝင်းနဲ့ လူမှုရေးဝန်ကြီး ဦးနေဝင်းတို့ကိုလည်း ထောင်ဒဏ် ၃ နှစ်အသီးသီးအမိန့်ချမှတ်ခဲ့ပါသေးတယ်။
 
#voiceofmyanmar #vom #မကွေး #ဝန်ကြီးချုပ်နဲ့ဝန်ကြီးတွေ #ထောင်ဒဏ်ချမှတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW