ကျန်ပါသေးလား မန္တလေးစကား

—————————————
ဆူးငှက်

ရှေးရှေးကတည်းက မန္တလေးသားတွေ စကားအရာမှာ တတ်ကျွမ်းတယ်။ လိမ္မာရေးခြားရှိတယ်။ အထင်ကရရှိတယ်လို့ မှတ်သားခဲ့ကြတယ်။ မန္တလေးသားစာရေးဆရာကြီး ရွှေဥဒေါင်းက သူ့ရဲ့ ‘မနေ့က မန္တလေး၊ ယနေ့ မန္တလေး’ဆိုတဲ့ ဆောင်းပါးမှာ မန္တလေးသားတွေ အပြောအဆိုကြွယ်ဝပုံကိုလည်း ဒီလို မှတ်တမ်းတင်ခဲ့တယ်။

“ပြောပုံဆိုပုံ စကားလုံးအသုံးအနှုန်းနှင့် ပတ်သက်၍လည်း မန္တလေးသူ မန္တလေးသားများသည်(ကျွန်ုပ်တို့ ငယ်စဉ်ကမူ)တစ်ပြည်လုံးနှင့်မတူအောင် တစ်မူကွဲပြားခဲ့၏။ ဤအကြောင်းနှင့်ပတ်သက်၍ ကျွန်ုပ်၏ ကိုယ်တွေ့ အခြင်းအရာတစ်ခုကိုသတိရ၍တင်ပြလိုသေး၏။

၁၉၁၉ ခုနှစ်လောက်တွင် ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းရှိ သူရိယတိုက်အပေါ်ထပ်၌ အစည်းအဝေးတစ်ခုကျင်းပရာ ဦးချစ်လှိုင်၊ ဦးဘဖေ၊ ဦးသိန်းမောင်၊ ဦးသင်းမောင် အစရှိသောပုဂ္ဂိုလ်ကြီးများလည်း တက်ရောက်ကြ၏။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း(ဆရာလွန်း)နှင့် ကျွန်ုပ်တို့လည်း စကားပြောလေရာ
အစည်းအဝေးပြီးသောအခါ ဆရာကြီးက ‘မောင်တို့ မန္တလေးသားက စကားပြောပုံ ကောင်းပါပေ့မောင်ရာ၊ ဒီကခွေးမသားတွေ တစ်ကောင်မှလိုက်မမီဘူး’ဟု ကျွန်ုပ်အားပြောဖူးလေသည်။

ဆရာကြီးမှာ မြန်မာစကားအသုံးအနှုန်းနှင့် ပတ်သက်၍ ‘အရည်ကျိုသောက်သည်’ဟု ဆိုရလောက်အောင် နားလည်သော ပုဂ္ဂိုလ်ကြီးဖြစ်ပေရာ ၎င်း၏ဝန်ခံချက်ကို ထောက်ခြင်းအားဖြင့်ရွှေမန်းသားများ၏ ပီယဝါစာဖြစ်အောင် ပြောတတ်ခြင်းကား ယုံမှားဖွယ်ရာရှိမည်မဟုတ်ချေ။ သို့ရာတွင် ရွှေမန်းသားများသည် နိုင်ငံရေးနှင့်ပတ်သက်၍ ရန်ကုန်သားများကဲ့သို့ ဆည်းပူးလေ့လာခြင်းနည်းပါးခဲ့သည့်အတွက်ကြောင့် နိုင်ငံရေးဇာတ်ခုံပေါ်၌ မန္တလေးသားများအနက်မှ ထူးထူးချွန်ချွန် စကားပြောကောင်းသော ပုဂ္ဂိုလ်မျိုးမထွန်းကားသေးသည်မှာ ဝမ်းနည်းဖို့ကောင်း၏။ ဓမ္မကထိကပုဂ္ဂိုလ်များ အနက်တွင်ကား ပေါများလှလေပြီ”ဟူ၍ဖြစ်သည်။

ဆရာကြီးရွှေဥဒေါင်းဆိုတာ စကားပြောကောင်းသော မန္တလေးသားလွှတ်ရုံးစာရေး ဦးဧရာနှင့် စာတော်ဖတ် တနင်္ဂသီရွာစား ဒေါ်ရွှေတို့က မွေးဖွားခဲ့သူဖြစ်တယ်။ မိခင်က ရှေ့တော်မှာ ဝိဇယကာရီနဲ့ ဣန္ဒာဝံသတို့လို့ စာတွေကို ဖတ်ခဲ့ရသလို ဖခင်ကလည်း လွှတ်ရုံးစာရေးဖြစ်လို့ သူတို့ရဲ့ ထီးဟန် နန်းဟန်ပါတဲ့ အခံ့အညားစကားလုံးတွေကို ဆရာကြီးရွှေဥဒေါင်းက ရရှိခဲ့တယ်။ ဒါပေမယ့် ဆရာကြီးကတော့ ငယ်ရွယ်စဉ်အခါ မိဘတွေရဲ့ ထီးနန်းနဲ့ဆိုင်တဲ့ စကားတွေ၊ ဗဟုသုတတွေကို
မှတ်သားလေ့လာရကောင်းမှန်း မသိပုံကိုလည်း ရေးသားဖူးတယ်။

ဒါပေမယ့်လည်း ဆရာကြီးအနေနဲ့ မိဘနှစ်ပါးက ပထမဆုံးဝတ္ထုဖြစ်တဲ့ ‘ရန်ကြီးအောင်’ကိုပင် စကားလုံးအသုံးအနှုန်းတွေပြင်ဆင်ပေးတယ်ဆိုတာကြောင့် မိဘနှစ်ပါးရဲ့ ‘မန်းဟန်၊ နန်းဆန်’တဲ့ စကားလုံး အသုံးအနှုန်းတွေကို အမြဲတမ်းရင်းနှီးကျွမ်းဝင်ကာ အသွေးအသားထဲထိ စိမ့်ဝင်နေတာ သေချာတယ်။ ဒါ့ကြောင့် ဆရာကြီးရဲ့ စကားပြေအရေးအသားတွေမှာ ‘မန်းဟန်၊
နန်းဆန်’(ဝါ)‘မန္တလေးဒေသိယ’အသုံးအနှုန်းတွေ ဖောချင်းသောချင်းတွေ့ရတယ်။

ဒီလိုပဲ စာရေးဆရာ၊ သတင်းစာဆရာမကြီး လူထုဒေါ်အမာကလည်း မန္တလေးသူပီပီ အပြောအဆို စကားလုံး အသုံးအနှုန်း ယဉ်ကျေးဖွယ်ရာခြင်း၊ဒသိယစကားတွေနဲ့ဝေဆာခြင်း၊ စကားပြောသလို အရေးအသားမှာလည်း သူမတူအောင်ချောမွေ့ပြေပြစ်ခြင်းတွေက မန္တလေးသူစစ်စစ်ဖြစ်သော သူ့မိခင်ဒေါ်စုထံမှ အမွေရတယ်လို့ ဆိုရမယ်။ လူထုဒေါ်အမာရဲ့
မိခင်ကြီးဒေါ်စုက သာမာန်အရပ်သူဖြစ်ပေမယ့် လိုလားသောစိတ်ဓာတ်နဲ့ ရယူခဲ့တဲ့ အရပ်သုံးစကားတွေ၊
ဗဟုသုတတွေ ကြွယ်ဝလွန်းလို့ နယ်ကဧည့်သည်တွေ မန္တလေးကိုလာရောက် ဘုရားဖူးကြရင်
ဒေါ်စုရဲ့ ဧည့်ခံစကားတွေ အင်မတန် ဗဟုသုတကြွယ်၊ ဖွယ်ရာလှတယ်လို့ ဆိုကြတယ်။

ဒါ့အပြင် ဒေါ်စုက ကိုယ်တိုင်လည်း စကားပြောကောင်းသူဖြစ်တဲ့အလျောက် အခြားစကားပြောကောင်းသူ၊
စကားပြောတတ်သူတွေကိုလည်း အလွန်သဘောကျပြီး အဲဒီအိမ်မှာ ဧည့်ဝတ်ပြုပြီး သူတို့စကားတွေကို
သဘောကျနားထောင်တတ်၊ အတုယူတတ်၊ ပြန်လည်ဖောက်သည်ချတတ်သူလို့ ဆိုတယ်။

မိခင်ကြီးဒေါ်စုရဲ့ ပွဲကြည့်အတွေ့အကြုံတွေကလည်း ဆရာမကြီး လူထုဒေါ်အမာအတွက် ပြည်သူချစ်သော အနုပညာသည်တွေ၊ အငြိမ့်နဲ့အောင်ဗလ၊ ဖိုးစိန်၊ စိန်ကတုံးတို့လို စာအုပ်တွေပေါ်ထွက်ခဲ့တယ်။ မိခင်ကြီးဒေါ်စု စကားပြောတိုင်းပါတတ်တဲ့ ပုံတိုပတ်စ၊ စကားတို စကားစ၊ ဥပမေ ဥပမေယျတွေက လူထုဒေါ်အမာရဲ့ ဖွယ်ဖွယ်ရာရာ ယဉ်ယဉ်ကျေးကျေး စကားပြောအရေးအသားတွေကို စွဲထင်ကျန်ရစ်စေခဲ့တယ်။

တကယ်တော့ မန္တလေးသူ မန္တလေးသားတိုင်း စကားတတ်လှတယ်တော့ မဟုတ်ဘူး။ နူတ်ရေးစကားတတ်ခြင်း ဆိုတာ ပါရမီလို့လည်းခါ်ရမယ်။ ဒါပေမယ့် မန္တလေးသူ
မန္တလေးသားတွေ တခြားဒေသကလူတွေထက် စကားလုံး အသုံးအနှုန်းဝေါဟာရက ပိုပြီးကြွယ်ကြတယ်။ ဒီလို ဖွယ်ရာကြွယ်ဝနိုင်တဲ့ အခြေအနေကို မန္တလေးက ရယူထားနိုင်လို့လည်းဖြစ်တယ်။ အဲဒီအခြေအနေက မန္တလေးဆိုတာ တစ်ချိန်က တစ်နိုင်ငံလုံးရဲ့ရွှေမြို့တော်၊ ထီးစိုက် နန်းစိုက်၊ လွှတ်တော်ရုံးစိုက်ခဲ့တဲ့ နေရာဖြစ်ခဲ့လို့ပဲ ဖြစ်တယ်။

ရွှေမြို့တော်ဖြစ်လို့ အနယ်နယ်အရပ်ရပ်က ထီးကိစ္စ၊ နန်းကိစ္စ၊ လွှတ်ကိစ္စ၊ ရုံးကိစ္စ၊ အရောင်းကိစ္စ၊ အဝယ်ကိစ္စ၊ သံကိစ္စ၊ တမန်ကိစ္စတွေနဲ့ လာရောက်ကြရာမှာ အနယ်နယ်အရပ်ရပ်က ဝေါဟာရတွေ၊ စကားအသုံးအနှုန်းတွေ မန္တလေးကိုရောက်လာတယ်။ အဲဒီရောက်လာသမျှ စကားအသုံးအနှုန်းတွေကို ‘ထီးသုံး၊ နန်းသုံး’တဲ့ ‘စံ’နဲ့ တိုက်ချ၊ပြုပြင်၊ပြောင်းလဲလိုက်တဲ့အခါ ‘မန်း စကား၊ ဗန်းစကား’ဖြစ်သွားတော့တယ်။ အဲဒီ စကား၊ အဲဒီ အသုံးအနှုန်းတွေက မူလကထက် ပိုမိုဖွယ်ရာ၊ ပိုမိုယဉ်ကျေး၊ ပိုမိုခိုင်ခံ့၊ ပိုမိုကျစ်လစ်ပြီးတော့ မြန်မာစကားတွေအဖြစ် စေးစေးပိုင်ပိုင်ထွေးထွေးပိုက်ပိုက်ရရှိခဲ့၊ ပိုင်ဆိုင်ခဲ့တယ်။

ဒါ့ကြောင့် မန္တလေးဒေသိယစကားက ‘အညာစကား’မဟုတ်။ ‘အညာ’ဆိုတဲ့ လူအမျိုးမျိုး၊ စရိုက်အထွေထွေ၊ ရေမြေ အခြားခြား၊ လေသံအကွဲကွဲနဲ့ ‘ကျေးလက် စရိုက်ဟန်’မဟုတ်။ သီးခြားသဘောဆောင်တဲ့ စကားဖြစ်တယ်။ ထီးနန်းဆန်တဲ့ ယဉ်ကျေးဖွယ်ရာမှု ပြယုဂ် စကားပဲဖြစ်ပါတယ်။
အရင်က ယဉ်ကျေးဖွယ်ရာတဲ့ မန္တလေးစကား….။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW