မြမျိုးလွင်နှင့် ညတိုက်ပွဲ

———————————
ဆူးငှက်

“မြမျိုးလွင်၊မြမျိုးလွင်” ဟူသော ဆရာကြီးအကြောင်း၊ ဖတ်မှတ်မိတိုင်း ပုလိုင်းရပ်ကွက်မှာလည်း ဆရာကြီးနေထိုင်သည်ဟု ဆိုသောအခါ ရင်ခုန်ရသည်။ ပုလိုင်းဆိုတာ ကျွန်တော့ဆွေမျိုးတွေ အများဆုံးနေကြသည့် ရပ်ကွက်၊ ငယ်ငယ်က ချောင်းပေါက်မတတ်
သွားရောက်လည်ပတ်ခဲ့ရသည့် ရပ်ကွက်မို့ ဓမ္မာရုံနဲ့ တည့်တည့် လမ်းကြားနေရာလား၊ သင်္ဂဇာချောင်း
အရှေ့ဘက်မှာလား၊ ပုလိုင်းသစ်စက်ကြီးနဲ့ရော နီးသလား၊ ယူနီယံ ဆပ်ပြာစက်ရုံကြီးနားလား စသည်ဖြင့်
မှန်းဆကြည့်ရသည်။ နောက်က်တော့ ဆရာကြီးခါင်းချသွားရာနေရာက မန္တလေး ၃၄ လမ်း၊ ညောင်ဇင်တန်းက “ဒီဇူဇာ”ဆေးတိုက် ကိုယ်စားလှယ်ဆိုင်းဘုတ်လေးရှိရာ အိမ်ဆိုတာ သိပြီး စက်ဘီးလေးတစ်စင်းနှင့်
အမြဲသွားသွား ကြည့်ဖြစ်သည်။

ဆရာကြီးမြမျိုးလွင်၏ စာများကို စတင်ထိတွေ့ နှစ်သက်စဉ်က ဟံသာဝတီသတင်းစာပါ ဆောင်းပါးများက အများဆုံးဖြစ်၏။ အစ်ကိုများ၊ ဦးလေးများက ဆရာမြမျိုးလွင်ဆိုတာ တစ်ချိန်က နာမည်ကြီးလှသော လူငယ်ကြိုက် စာရေးဆရာကြီး တစ်ဦးဆိုတာပြောပြရင်း သူ့ဝတ္ထုတွေ ဖတ်စေခဲ့ခြင်းဖြစ်သည်။

ကျွန်တော်က ဆရာကြီးဝတ္ထုတွေထက် ရှေးဟောင်းနှောင်းဖြစ်တွေ ရေးသားသော ဆောင်းပါးတွေကို သဘောကျလှ၏။ ဆရာကြီး အရေးအသားနှင့် ရှေးခေတ်မန္တလေးမြင်ကွင်းတို့မှာ အရသာ တမူထူးခြားလှသည်။ တစ်ချိန်က အဖွဲ့အနွဲ့ကောင်း၊ ဇာတ်လမ်းကောင်း၊ ဖွယ်ဖွယ်ရာရာ ညက်ညက်ညောညော စကားပြေများဖြင့် ပရိသတ်ကို မည်သို့ဇာတ်လမ်းဆက်မည်လဲ ဆိုတာ အချင်းချင်းငြင်းခုန်လောင်းကစားသည် အထိ နာမည်ကျော်ကြားခဲ့သော ဆရာကြီးမြမျိုးလွင်သည် သတင်းစာဆောင်းပါးများ၌လည်း ပီပီပြင်ပြင်တောက်တောက်ခါးခါးနှင့် ရင်ထဲထိအောင် ရေးသားနိုင်ခဲ့သည်။ ကျွန်တော်က ထိုအရေးအသားတွေကို ပိုကြိုက်သည်။

ဆရာကြီးမမျိုးလွင်၏ သတင်းစာအရေးအသားတွေကို ကြိုက်နှစ်သက်သည် ဆို၍ အစ်ကိုတစ်ယောက်က ကျွန်တော့်ကို “လူထု” ဂျာနယ်အဟောင်းတွေပေးသည်။ ထို “လူထု” ဂျာနယ်များက ၁၉၄၅ခု ဂျပန့်ခေတ်ကာလအတွင်း ထုတ်ဝေသောကြောင့် စာရွက်တွေက ရောင်စုံဖြစ်၏။ အများဆုံးက မီးခြစ်ပုံးခရမ်းရောင်တွေဖြစ်သည်။ လူထုအယ်ဒီတာက ခရမ်းရောင်၊ ကာကီရောင်၊ အပြာရောင်စသည့် ရောင်စုံစက္ကူများဖြင့် ရိုက်နှိပ်ရသောကြောင့် “သတင်းနှင့်မှတ်ချက်” ဟူ၍ အောက်ပါအတိုင်း ရေးသားခဲ့သည်။

“ညတိုက်ပွဲစာစောင်”
——————-
လူထုဂျာနယ်ကို ကာကီရောင်စက္ကူဖြင့် ထုတ်စဉ်အခါက ရန်ကုန်မှ မိတ်ဆွေတစ်ဦးက ဘယ်အတွက်ကြောင့်
အဖြူမသုံးဘဲ ဒီလိုစက္ကူရောင်နှင့် ထုတ်သလဲဟု မေးပါသည်။ ကျွန်ုပ်တို့က စစ်အတွင်းမို့ ကာကီရောင်နှင့် ထုတ်ကြောင်း ခပ်သောသောပြောလိုက်ပါသည်။ ထို့နောက် ဘယ်အတွက် ယခုဖတ်လို့ မကောင်းသည့် အပြာရောင်နှင့် ထုတ်သလဲဟုမေးပြန်ပါသည်။ ဗမာ့မျိုးချစ်တပ်သားများ ညတိုက်ပွဲများကိုကြရသော အထိမ်းအမှတ်ဖြင့် အပြာရောင်ဖြင့် ညတိုက်ပွဲ စာစောင်သဘောမျိုး ထုတ်ဝေရကြောင်း ခတ်နောက်နောက် ထပ်၍ပြောရပြန် သည်။ စက္ကူအဖြူ မန္တလေးတွင်
ရှားလွန်း၍ ရရာ စက္ကူနှင့် ရိုက်နှိပ်ရကြောင်း မေးသူလည်းမသိ၊ ဖြေသူလည်းမသိ ဖြစ်၏။

ဂျာနယ်ကိုဈးပေါပေါနှင့် ထုတ်ဝေလိုသော ကျွန်ုပ်တို့မှာ အလွန်ဈေးတက်နေသော စက္ကူ ညို-ပြာ-စိမ်းတို့နှင့် မည်သို့ စခမ်းသွားရမည်ပင် မပြောတတ်။ အရင်းများများရှိ၍ အမြတ်ကြီးကြီးလိုသူတို့ သိုလှောင်ထားကြသည်မှာ ငါးပိ-ငါးခြောက်တွင်၎င်း၊ ဆန်-ဆီ-ဆားတွင်၎င်း၊ စက္ကူတွင်၎င်း၊ မလုပ်ကောင်းပါ။ ငရဲကြီးတတ်ပါသည်။ (မူရင်းသတ်ပုံအတိုင်း)
ဤကား သမိုင်းမှတ်တမ်း တစ်ခုဖြစ်၏။

ထိုခေတ် လူထုဂျာနယ်များတွင် စစ်ကိုင်းတောင်ရိပ်၌ စစ်ပြေးခိုလှုံနေသော ဆရာကြီးမြမျိုးလွင်က ပင်တိုင်ဆောင်းပါးတစ်ပိုဒ် အမြဲရေးသည်။ ဆောင်းပါးခေါင်းစီးက “ခင်ဗျားနှင့် ကျွန်တော်” တဲ့။ ခေါင်းစီးအောက်တွင် “စာရေးဆရာကြီးမြမျိုးလွင် ထံမှ” ဟု ရိုက်နှိပ်ထားသည်။ ထိုခေတ်၊ ထိုအချိန်က ဆရာကြီးမြမျိုးလွင်၏အရေးအသားများမှာ ခေတ်ရှေ့ပြေးလှသည် ဟုဆိုရမည်။

ညီညီလှ ….

ကျွန်တော်တို့ ဗမာပြည်ဟာ နိုင်ငံခြားသား တရုပ်ကုလားများရဲ့ စီးပွားရှာဖွေရေး အလွန်ဖြောင့်တဲ့ စားကျက်ကောင်းကြီး တစ်ခုဖြစ်လေတော့။ စစ်ပြီးသွားတယ်လို့ ဆိုတာနဲ့တစ်ပြိုင်နက် ဗမာပြည်ကို လာချင်လိုက် ကြမဲ့ဖြစ်ခြင်း။ အထုပ်အပိုးတပြင်ပြင်နဲ့ ယွတောင်ထိုးနေကြမှာ မြင်ယောင်သေးတော့တယ်။ မြန်မာပြည်အတွက် လူဝင်လူထွက် ကန့်သတ်ရေးဥပဒေဟာ ဖြစ်သင့်တဲ့အချိန်ထက် တော်တော် နှစ်များများနာက်ကျပြီးမှ အတည်ဖြစ်ခဲ့တဲ့အတွက် နောက်ထပ် အသစ်ဝင်ရောက်ရေးကိုသာ ဥပဒေအရ၊ အထိုက်အလျောက် အခွင့်မပြုခဲ့ပေမဲ့ ဥပဒေမတည်ခင်က ရောက်နေနှင့်ကြတဲ့ နျုင်ငံခြားသားတွေဟာ “ကြုပ်ထဲကြွေအပြေ့” ဆိုတာလို ဗမာပြည်နဲ့အပြေ့ပြည့်ကျပ်နေလို့ ရန်ကုန်နဲ့တကွ လူစည်စည်ကားကား အရောင်းအဝယ်ဖြစ်ထွန်းတဲ့ မြို့မှန်ရင် တိုင်းရင်းသား ဗမာတွေက မြို့စွန်မြို့ဖျားရာက် မြို့လယ် လူစည်ကားတဲ့နေရာနဲ့ အရောင်းအဝယ်ဖြစ်ထွန်းတဲ့ ရပ်ကွက်မှန်သမျှမှာ အဆောက်အဦး ခမ်းခမ်းနားနားကြီးတွေရဲ့ ပိုင်ရှင်ကလည်း လူမျိုးခြား၊နေကြထိုင်ကြတာက လူမျိုးခြား၊ အလုပ်ကြီးမှန်သမျှ လက်ဝါးကြီး အုပ်ထားတာကလဲ သူတို့တတွေဖြစ်နေတော့ တိုင်းရင်းသားဗမာတွေဟာ အညွန့်မထွက်နိုင်တဲ့ သစ်ပင်လို ငုံးတိတိ ဝိုင်းချာချာဖြစ်ပြီး ဆင်းရဲတွင်း နက်ခဲ့ကြတာကို သတိတရရှိနိုင်ကြပါစေ ဆိုတာ ဆုတောင်းနေရတော့ တာဘဲ။ ဟိုတုန်းကတော့ လူဝင်လူထွက်ဥပဒေ မရှိခင် အဝင်စောပြီး အရောက်ဦးနေတဲ့အတွက် အဆီကိုစား အသားကိုမျို၊ လိုအပ်တဲ့ အရောင်းကြီး အဝယ်ကြီး အလုပ်ကောင်းမှန်သမျှ သူတို့ကမှတဆင့်
လက်အောက်ခံဘဝနှင့် ဘာဘူကြီး၊ ထောင်ကဲကြီး၊ ဗရားဆပ်ဆိုတဲ့ စကားလုံးတွေကို တွင်တွင်သုံးပီး
မျက်နှာချိုတသွေးသွေး၊ လေချိုတပင့်ပင့်နှင့် အခွင့်အရေးကောင်းမှန်သ၍ လက်လွတ်ထားရရုံမကသေးဘူး။ အရိုးတောင်မှ အားကလေး အင်ကလေးဖြစ်နိုင်တဲ့ ရိုးတွင်းချဉ်ဆီပါတဲ့ ကြက်ရိုး၊ ဘဲရိုးမျိုးမဟုတ်ဘဲ စုပ်ယူလို့မှ ရေချိုမထွက် ကိုက်လိုက်တော့ သွားနာတာလောက် အဖတ်တင်တဲ့ အမဲရိုးမျိုးတွေသာ လက်ဝေခံပြီး ဝါးခဲ့ရလို့ ဗမာတွေ ကြပ်တဲဆင်းရဲခဲ့ဘူးတဲ့ အဖြစ်ကို နောင်တရပြီး ဒီတစ်ခါ ဒီလိုထပ်မဖြစ်ကြရအောင်
ကြိုတင်ပြင်ဆင်ထားနှင့်ကြမှ နောက်မကျရုံ ရှိမယ်လို့ ထင်မိတယ်။

ဒီလိုနေရင် ဒီလိုသာနေရမယ်။ ဒီလိုမနေမှ ဒီလိုမနေရဘူးဆိုတဲ့ စကားဟာ ဒီကိစ္စမှာ အလွန်အသုံးဝင်တဲ့ စကားပဲဗျ။ ဗမာပြည်က အရင်တုန်းက သာလာယံဇရပ်ကြီးဖြစ်ခဲ့ပေမဲ့ ဂျပန်ချတဲ့ဗုန်း၊ သြစတြေးလီးယားစစ်သားတွေ ရှို့တဲ့မီး၊ အင်္ဂလိပ်ချတဲ့ ဗုန်း၊ အမေရိကံချတဲ့ ဗုန်း၊ ဗုန်းမျိုးစုံ ဒဏ်မျိုးစုံကြောင့် သာလာယံ ဇရပ်ကြီးဟာ ပြောင်တလင်းခါပီး မီးလောင်ပြင်ဘဝရောက်ရာမှ သက်ငယ်တဲတို့ ဝါးတဲတို့နှင့်ပြန်ဆောက်ထားရတဲ့ အိုးသစ်အိမ်သစ်ဖြစ်တဲ့အတွက် ကိုယ့်ဝင်းကိုယ့်ခြံ ကိုယ့်စီးရိုးမှာ ပိုင်စိုးပိုင်နင်းဘဲ (ခွေးကိုက်တတ်သည်)၊ (အခွင့်မရှိမဝင်ရ)၊ (ဖြတ်သန်းသွားလာရန် လမ်းမဟုတ်)၊ (ကြော်ငြာမကပ်ရ)ဆိုတဲ့ ဆိုင်းဘုတ်အမျိုးမျိုးကို ဆွဲထားသလို ဧည့်သည်တွေထင်တိုင်း မကြဲနိုင်အောင် သက်ဆိုင်တဲ့ဆိုင်းဘုတ်မျိုး တပ်သင့်ကြဘီလို့ ထင်တာဘဲ။ (မူရင်းသတ်ပုံအတိုင်း)

ဆရာကြီးက သူ့ဆောင်းပါးတွင် ဆက်လက်ရေးသားသည်မှာ မန္တလေးမှ ရန်ကုန်သို့ မီးရထားဖြင့်အသွား၊ ရထားတွဲတွင် လူပြည့်နေရာ နေရာမရ၍ မတ်တပ်ရပ်၍ လိုက်ရသော ပေါက်ဖော်တစ်ယောက်က ဆရာကြီးဘေးနေရာ ခဏကပ်ထိုင်ခွင့်ရရန် သာစည်ဆင်းမှာပါဟု တောင်းဆိုပြီး သာစည်ရောက်သော်လည်း မဆင်း၊ ညောင်လေးပင်ရာက်သော်လည်း မဆင်းဘဲ ဇွတ်တိုးဝှေ့ကာ နေရာအပိုင်စီးပြီး အိပ်စက်လိုက်သဖြင့် အားမနာနိုင်ဘဲ ဇွတ်နှိုးကာ ကိုယ်က တစ်လှည့် အိပ်ရကြောင်း ရေးသားထားသည်။

၁၉၄၅ခုနှစ် ဂျပန်အုပ်စိုးသောခေတ်ကာလက စစ်အတွင်း သတင်းစာဂျာနယ်ထုတ်ဝေမှု အခြေအနေနှင့် ပွဲလန့်တုန်း ဖျာခင်းတတ်ကြသည့် အခြေအနေများကို လူထုဂျာနယ်နှင့် ဆရာမြမျိုးလွင်၏ ဆောင်းပါးများကတဆင့် သိရှိခဲ့ရပါ၏။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW