မာန်ဟုန် ပြင်းပြင်း…၊ မျက်လုံး တဝင်းဝင်း…

ဆူးငှက်

တကယ်တော့ မန္တလေးမှာ မွေးဖွားကြီးပြင်းရခြင်းကို ရတောင့်ရခဲ ဒုလ္လဘတစ်ခုအဖြစ် ပြောဆိုရေးသားရခြင်းကား ယခုခေတ်ကာလ၌ အလွန်ကျဉ်းမြောင်းသိမ်ဖျင်းလှသော ဒေသစွဲစိတ်တစ်ခုသဖွယ် အပြစ်တင်ရပေမည်။ သို့သော်မတတ်နိုင်….။ ပြောစရာရှိ၍ ပြောရပေဦးမည်။

မန္တလေးသည် မြန်မာပြည်အလယ်ပိုင်း မိုးနည်းရေရှားဒေသမှာတည်ရှိဆိုငြား ပုဂံခေတ်ကတည်းက တူးဖော်ဆည်ဖို့ သိုလှောင်ထားသည့် ဧရာမအောင်ပင်လယ်ကန်ကြီးက အရှေ့မှဆီးသည်။ တောင်မှာ သဘာဝအင်းကျယ်ကြီးဇောင်းကလောနှင့် တောင်သမန်ရှိသည်။ အနောက်တောင်ထောင့်မှာ တက်သေးအင်းပြင်၊ ထို့နောက် ဧရာဝတီမြစ်က အနောက်မှဆီးထား၏။မြောက်မှာက နန္ဒာကန်တဲ့။ ဤသို့ဖြင့် ရေပတ်လည်ဝိုင်းသည်။

ရွှေမြို့တော်တွင်းသို့ လက်တံမြောင်းအသီးသီးနှင့်ရေသွင်း၏။ ကျုံးတော်ကြီးကလည်း ကြာမျိုးငါးမည်နှင့် ရေဖြည့်ထားသည်။ ရွှေတချောင်း ရေရှင်ရေသန့်မြောင်းကလည်း သွင်သွင်စီးသည်။ ရတနာနဒီမြစ်ကို တူးဖော်ပြီး မင်းခမ်းမင်းနားနှင့် ရေကင်းနရီသံ စီစီညံစေသည်။ ထိုထိုရေချောင်း၊ ရေမြောင်း၊ ရေကန်၊ ရေဆည်၊ ရေအင်းတို့၏ ကလနားတွေမှာ ရှမ်းရိုးမကြီးရှိသည်။ အလယ်ရိုးမ မင်းဝံတောင်ရိုးကြီးရှိသည်။ အရှေ့ဘက် မိုင်၂၀ အတွင်းပေါ့။ အနောက်ဘက် ၄ မိုင်၊ ၅ မိုင်အတွင်းပေါ့။ မြို့၏အရှေ့ဘက် ၄ မိုင်အကွာမှာ ရန်ကင်းတောင် တောင်ပူစာရှိသည်။ မြို့မြောက်ခြမ်းမှာ မန္တလေးတောင် တောင်ပူစာရှိသည်။

ကျွန်တော် သည်ရွေ့သည်မျှပြောနေတာက အကြောင်းရှိသည်။ ဥပုသ်နေ့လို နားရက်ဖြစ်စေ။ အခြား နေ့ကြီးရက်ကြီးတွေမှာဖြစ်စေ။ မန္တလေးမှာ ကျေးငှက်သာရကာနှင့်၊ ကြာရိုးကြာစွယ်နှင့်၊ အင်းရေ အင်းကန်နှင့်၊ တောင်နှင့်တောင်နှင့်၊ ပျိုးခင်း လယ်ကွင်းနှင့်၊ အရိပ်ခိုစရာက နီးနီးတစ်မျိုး ဝေးဝေးတစ်မျိုး အဆင်သင့်ရှိနေသည်။ ထိုအခါ လူ့ဘဝ၏ဖြတ်သန်းမှုတွင် ပရိယေသနဝမ်းစာနှင့်အတူ ခံစားနားခို အားမွေးခြင်းအတွက် မန္တလေးက ရေကြည်ရာမြက်နုရာဖြစ်ပုံကို သိသာစေခြင်းဖြစ်သည်။ စရိတ်စကမကုန်၊ အချိန်မကုန်၊ စက်ဘီးလေးတစ်စီးရှိရုံနှင့် ပြီးမြောက်သည်။ တောင်တက်၊ ဘုရားဖူး၊ ရေကူး၊ ငါးမျှား၊ ငှက်ကြည့်၊တာလည်၊ ဆည်ရေချိုး…. ကြိုက်သလို အမျိုးမျိုးခံစားဆောင်ရွက်နိုင်ပါဘိ။ ဒါကို ပြောလိုခြင်းဖြစ်သည်။

ထို့ကြောင့်လည်း ကျွန်တော်ငယ်စဉ်ကတည်းက “လေ့”သာ ဝါသနာတစ်ခုမှာ စက်ဘီးတစ်စီးနှင့် အလည်ထွက်ခြင်းဖြစ်သည်။ အိမ်က စထွက်တော့ ဘယ်ရယ်လို့မဟုတ်။ ခြေဦးတည့်ရာဖြစ်၏။ ကွေ့ချင်စိတ်ရှိသည့် လမ်းမှာကွေ့လိုက်သည်။ ဆက်စရာရှိလျှင်ဆက်သည်။ ဤသို့ဖြင့် တစ်ပြဝင်တစ်ပြထွက် ဟိုလမ်းဝင် သည်လမ်းထွက်နှင့် စိတ်ကူးပေါက်သည့်နေရာ ရောက်သွားခြင်းဖြစ်၏။ အိမ်က အနောက်ဘက်သို့ ဦးတည်မိလျှင် မြစ်ဆိပ်ဘက်ရာက်သည်က များသည်။အလမ်းအတိုင်း အနောက်ဆင်းပြီး ဂေါဝိန်ဆိပ်သို့ရောက်သွားခြင်းဖြစ်၏။ ကုန်တင်ကုန်ချ အလုပ်သမားနားနေရိပ်သာအနီး ကျောက်တမံကြီးအနား စက်ဘီးလေးထောင် …၊သော့ခတ်ပြီး သစ်ပင်ကြီးခြေရင်းရှိ အုတ်ခုံလေးပေါ်ထိုင်ကာ တောင်သို့မျှော်သည်။ အနောက်သို့မျှော်သည်။ မြောက်သို့မျှော်သည်။ တောင်ဆီမှာ မြစ်ပြင်ကမူများနှင့်ရောနေ၏။

ခိုတောင်လှေကလေးတွေမြစ်ကိုဖြတ်ကူးနေသည်။ အဝေးဆီက အဆန်သင်္ဘောကြီးတစ်စီး တရွေ့ရွေ့လာနေ၏။ အစက်အပြောက်ကလေးမှသည် ဖြည်းဖြည်းချင်းရုပ်လုံးပေါ်လာသည်။ ရာသီဥတုကြည်လင်နေလျှင်ဖြင့် ခပ်ဝေးဝေးက အင်းဝတံတားကြီးကို ပျပျမြင်ရဖူးသည်။

အနောက်ဆီမျှော်လိုက်တော့ မင်းဝံတောင်ရိုးပေါ့…။ သူကတော့ ပီပြင်လှသည်။ အရောင်သွေးက စိုနုသစ်လွင်နေ၏။ အခြေမှာ ကျွန်းထဲရွာရှည်တန်း၏ သစ်ပင်အုပ်အုပ်တွေကိုမြင်နေရသည်။ သစ်ပင်အုပ်စိမ်းညို့ညို့ကြားမှာ ဘုန်းကြီးကျောင်း သွပ်မိုးပြောင်ပြောင်များက တခါတရံ တဖျပ်ဖျပ်နှင့်မှန်ပြနေသည်။ သစ်ပင်အုပ်နှင့်မြစ်ပြင်ကြား ကိုင်းခင်းတွေက စိမ်းနုသွေးစုတ်ချက်ပြေးနေသည်။ စိမ်းနုသွေးထဲ မီးခိုးလေးတွေအူအူထနေသည့် ကိုင်းတဲလေးတွေလည်းတွ့ရ၏။ လွန်းတင်လှေတွေဆီက မီးခိုးမှိုင်းတွေ လွင့်တက်လာတာလည်း
တွေ့ရ၏။ မြစ်ပြင်ကတော့ လှိုင်းအိလေးများကို စည်းချက်ကျကျ လှုပ်ခတ်ပေးနေသည်။ မြောက်ဆီမှာလည်း မြစ်ပြင်ကမူထဲတိုးဝင်နေ၏။ သို့သော် ခပ်ပါးပါး…..။ မင်းဝံတောင်ရိုးက ထုံးသင်္ကန်းဖွေးဖွေးနှင့် စေတီပုထိုးများကိုမူထဲ၌ ပွင့်နေစေ၏။ ဟို ….ဝေးဝေးမှာ လေးလက်မစုတ်ပြားကြီးနှင့် တစ်ချက်တည်း တို့ခတ်ထားသလို ထုထည်တစ်ခုကို ခပ်မှိုင်းမှိုင်းမြင်နေရသည်။ မင်းကွန်းပုထိုးတော်ကြီးတဲ့ …။ မြစ်ထဲမှာတော့ “ဘော်ဘော်” အသံပေးရင်း ဖောင်ဆွဲမော်တော်တစ်စီး စုန်လာသည်။ အနောက်ဘက်ကမ်းမှာတော့ ရွက်ဖောင်းဖောင်းနှင့်အညာလှေကြီးတစ်စီးက ဆန်နေ၏။ ဟော သည်ဘက်ကမ်းမှာတော့ အစုန်အဆန်သင်္ဘော၊ မော်တော်မျိုးစုံဆိုက်ကပ်ထားသည်။

ဂေါဝိန်ဆိပ် ထိုင်နေကျအုတ်ခုံမှာ အတော်ကြာကြာ ထိုင်ပြီးသောအခါ စက်ဘီးကလေးကို ကောက်စီးပြီး တာရိုးအတိုင်း မြောက်သို့ ဦးတည်သည်။ ထင်းဝင်းဆိပ် မရောက်မီ သစ်လုံးတင်မီးရထာတွဲ တစ်စီးကို ရေနံရုံးဝင်းကြားမှဖြတ်ဝင်လာတာတွေ့ရ၏။ သစ်တင်တွဲတွေ သာမက ဆီဘောက်ဆာကြီးတွေလည်းပါသည်။ ထင်းဝင်းအနီး သစ်စက်ကြီး၏ အင်ဂျင်ကြီးက အချက်ကျကျ ရေနွေးငွေ့တွေ မှုတ်ထုတ်ပေးနေသည်။ တာရိုးအတိုင်းမြောက်သို့ ခရီးဆက်ဖြစ်လိုက်သည်မှာ မရမ်းခြံဆိပ်၊ ကျွဲစွန်းဆိပ်၊ ကျောက်သပိတ်၊ ညောင်ကွဲမှ အိုးဘိုဘက်ပြန် ချိုးပြီး အိုးဘိုဈေး ကားဝါဂိတ်က ဈေးဆိုင်လေးတွေမှာ မုန့်တီတစ်ပွဲစားပြီးမှ အိမ်ပြန်ဖြစ်သည်။
အိမ်က အရှေ့ဘက် ဦးတည်မိလျှင် အနီးဆုံးက ဘူတာရုံသို့ ဝင်ဖြစ်ခြင်းဖြစ်၏။ (ထိုစဉ်က အိမ်မှာ ဒေါင်းရိုးရပ်ထဲမှာဖြစ်သည်။) ကျွန်တော်က ငယ်စဉ်ကတည်းက ရေနွေးငွေ့စက်ခေါင်းကြီးတွေကို အလွန်သဘောကျ၏။ ထိုစက်ခေါင်းကြီးများ၏ ဖွဲ့စည်းပုံဒီဇိုင်းများက အလွန်စိတ်ဝင်စားစရာကောင်းသည်။ အင်အားပါသည်။ သန်မာသည်။ ခံ့ညားသည်။ အခက်အခဲမှန်သမျှ ဖြတ်ကျော်သွားမည်ဟူသော အရိပ်လက္ခဏာအပြည့်နှင့်ဖြစ်၏။

ကျွန်တော်က မန္တလေးဘူတာထဲရောက်လျှင် ဘူတာတောင်ဘက်အဖျားထိသွားသည်။ ဘူတာအဆောက်အဦးကြီး အဆုံးတွင် “ရထားပြောင်းစီးရန်” ဟူသော ဆိုင်းဘုတ်ကြီးရှိသည်။ ထိုဆိုင်းဘုတ်ကြီး၏တောင်ဘက်နားမှာ တည်ပင်လေးတွေ စိန်ပန်းပင်လေးတွေရှိသည်။ အခြားအပင်ကြီးတွေလည်းရှိသည်။ အပင်ကြီးတွေ အခြေမှာ သစ်သားခုံဝိုင်းကြီးတွေရှိ၏။ ထိုခုံဝိုင်းကြီးတွေမှာ တမေ့တမောနားသည်။ မီးရထားစက်ခေါင်းကြီးတွေကို ကြည့်သည်။ ဝင်လာသောမီးရထားများ ….၊ ထွက်ခွာသွားသောမီးရထားများ၊ ရှန်တိန်လုပ်နေသော မီးရထားများ …။ စင်္ကြံလက်မှတ်တစ်စောင်လျှင် တစ်မတ် (၂၅ပြား) ပေးပြီး တစ်နေကုန်နီးပါးထိုင်နေနိုင်၏။ ခရီးသွားတွေ၏ ပြောသံ ဆိုသံတွေကြားရသည်။ သူတို့ လှုပ်ရှားမှုတွေကို မြင်ရသည်။
Xxxx xxxx xxxx xxxx

တော်တော်လေး အချိန်ယူပြီး သွားရသည့်ခရီးတစ်ခုလည်း ရှိ၏။ ထိုခရီးစဉ်ကိုတော့ အနှစ်သက်ဆုံးဖြစ်သည်။ အိမ်ကစောစော ထွက် …၊ ထုံးဘူးတန်းက ကိုချစ်လက်ဖက်ရည်ဆိုင်မှာ ပဲနံပြားနှင့်ကော်ဖီတစ်ခွက်သောက်ပြီး အေလမ်းအတိုင်း အရှေ့သို့တက်သည်။ အရှေ့တက်သည်ဆိုရာ၌ မေမြို့ (ပြင်ဦးလွင်)လမ်း အထိရောက်အောင် တက်ရခြင်းဖြစ်၏။ နာမည်ကျော်
အောင်ပင်လယ်ကွေ့အထိပေါ့…။ ထိုစဉ်က အောင်ပင်လယ်ကွေ့မှာ နာမည်ကြီးသည်။ အခုလို လမ်းကျယ်ကျယ်မဟုတ်ဘဲ ကန်ပေါင်ရိုးအမြင့်မှ တစ်ဆစ်ချိုးအဆင်းအကွေ့ဆိုတော့ ကားမတော်တဆ အမှုတွေက အတော်များသည်။

ထားပါတော့ …။ ထို အောင်ပင်လယ်ကွေ့ရောက်တော့ မြောက်သို့ချိုးလိုက်သည်။ အသွားအလာနည်းသော ကတ္တရာလမ်းပေါ်မှာ တချို့နေရာများ၌ အခုလိုရာသီမျိုးတွင် စပါးတွေလှန်းချင်လှန်းထားသည်။ ကောက်လှိုင်းတွေ ပုံချင်ပုံထားသည်။တွနှင့်တလင်းနယ်ချင် နယ်နေတတ်သည်။ ထိုကန်ပေါင်ရိုးလမ်းအတိုင်း မြောက်သို့ စက်ဘီးနင်းသွားတော့ တောင်လေက အသံပေးတိုက်ကာ စက်ဘီးရောလူရော တွန်းပို့နေသည်။ လမ်းက လယ်ကွင်းပင်လယ်ကြီးထဲ ဖြတ်ထားသလို ….။ လယ်ကွင်းပင်လယ်ကြီးကိုကျော်ပြီး အရှေ့ဆီမှာ ရန်ကင်းတောင်နှင့် ရှမ်းရိုးမက ကာဆီးထား၏။ အနောက်ဘက် လက်ကွင်းမြစ်ပြင်ကိုကျော်ကြည့်လိုက်တော့ ရွှေရောင်တဝင်းဝင်းနှင့် ဝါခင်းကုန်းစေတီကို ဖူးမြင်ရ၏။ လမ်းအနောက်ဘက်မှာ တခါတရံ တဲအိမ်စုကလေးတွေတွေ့နေတတ်သည်။ ကန်ကောက်တဲ့ ….။ သရက်ကုန်းတဲ့ ….။ သရက်ကုန်းမရောက်ခင်မှာ သရက်ပင်တွေနှင့် ညို့နေသော ဘုန်းကြီးကျောင်းဝင်းတစ်ဝင်းရှိသည်။ သစ်ပင်တွေ အုံ့ဆိုင်းကာ သာယာလှ၏။ ကန်ပေါင်ကကျောင်းဝင်း ဝင်ပေါက်မှာ သွပ်မိုးနှင့် ဇရပ်အဆောင်ကလေး တစ်ခုရှိသည်။ တစ်ဖက်တစ်ချက်မှာ သစ်သားခုံတန်းရှည်လေးနှင့် …..။ ထိုခုံတန်းလေးမှာ နားခိုရင်း …အရှေ့ရန်ကင်းတောင်ဆီလှမ်းမျှော်ကြည့်မိသည်။ ကျောင်းဝင်းအတွင်းစေတီဆီမှ ဆည်းလည်းသံလေးတွေ လွင့်လာ၏။ ရန်ကင်းတောင်ခြေမှာ သစ်ပင်အုပ်အုပ်နှင့်ရွာစုလေးတွေမြင်နေရသည်။ လယ်ကွင်းတွေကြားမှာဖြောင့်တန်းနေသော မြောင်းတချို့ကို တွ့သည်။ မြောင်းပေါင်အတိုင်း လိုက်သွားလျှင် ထိုရွာကလေးတွေဆီရောက်မည်။ သရက်ကုန်းဘုန်းကြီးကျောင်းထိပ် ဇရပ်အဆောင်လေးမှာထိုင်ရင်း မျက်စိတဆုံးမြင်တွေ့နေရသော ရွာကလေးတွေဆီ တစ်နေ့တော့ နှံ့စပ်ရောက်ဖြစ်သွားတော့သည်။

ကျွန်တော့ စက်ဘီးကလေးနှင့် ချွေးဒီးဒီးကျမျှ စီးနင်းသွားလျှင် ဇီးချိုကုန်း၊ ပုသိမ်ကြီး၊ မဲကင်းကုန်း၊ ညောင်ပင်သာ၊ သစ်ချိုကုန်းစသော ရွာများဆီတစ်ရွာဝင် တစ်ရွာထွက် …။ လည်ရင်းပတ်ရင်း ….၊ ပြောရင်းဆိုရင်း ….။ သို့သော် အခုတော့မဟုတ် …။ မန္တလေး၏ နေရာအတော်များများက လူဟောင်း အဆောက်အဦဟောင်းတွေ မဟုတ်တော့ဘဲ လူသစ် အဆောက်အဦသစ်တွေဖြစ်ကာ ကိုယ်နှင့် တစိမ်းပြင်ပြင်ဖြစ်သွားချေပြီ။

အခုတော့ မန္တလေးမြို့စွန်၏ ကွန်ကရစ်တောကြီးက အနီးဝန်းကျင်ရွာများ၏ သစ်ပင် စမ်းချောင်း ထန်းတောနှင့်စိမ်းမြလယ်ကွင်းတွေကို လောဘကြီးသော နဂါးတစ်ကောင်ပမာ ဝါးမြိုလုနေပြီ။
မာန်ဟုန်ပြင်းပြင်း…၊ မျက်လုံး တဝင်းဝင်း…။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW