ရတနာပုံခေတ်ကတည်းက လူထုရင်ပြင်

×××××××××××××××××××××××

ဆူးငှက်

မင်္ဂလာသိမ်တော် ကန်ရေပြင်တွင် တိမ်စိုင်တိမ်လိပ်တို့ အရိပ်ထင်နေ၏။ ရေလယ်ဇရပ်သည် တိမ်အရိပ်ထဲမှာ မတ်တတ်ရပ်နေသည်။ ကမ်းစပ်ရှိဒန်းပင်က ဇရပ်ဆီငဲ့ကြည့်သည်။ မြောက်ဖက်ဆီမှာ ကုသိုလ်တော်ဘုရား၏ မုခ်ပေါက် ပန်းတော့လက်ရာများဖြင့် ကိုယ်ထင်ပြနေသည်။ နေပူထဲပေမင့် မုခ်ခုံးပေါ်မှခြင်္သေ့တို့ ငုတ်တုတ်၊ မတုန်မလှုပ်။ မြင်းလှည်းလေးသည် ကတ္တရာလမ်းပေါ် ခွာသံတခွပ်ခွပ်ပေးရင်း အတုမရှိကျောင်းတိုက်အပေါက်ဆီ ချိုးဝင် သွားသည်။ ထုထည်ကြီးမားလှသော ကျောင်းတိုက်အဝင် မုခ်တိုင်ကြီးများသည် ဧရာဖြင့်
ခံ့ထည်မှုကို ဝံ့ကြွားနေကြသည်။ မြင်းလှည်းလေးသည် မြောက်ဘက် ကုသိုလ်တော်အရှေ့မုခ်ဆီမှ လာခဲ့ဟန်တူ၏။ ဟောသည် ကတ္တရာလမ်းပေါ်က တစ်ဆင့် အတုမရှိကျောင်းတော်ကြီးဆီ ဘုရားဖူး အလည်အပတ် သွားကြတာပဲဖြစ်မည်။ မြို့ခံဘုရားဖူးများ မဟုတ်သောကြောင့် မြင်းလှည်းကလေး မောင်းသွားသည့်နေရာသည် မန္တလေး၏ မူလအစ မြို့တည် နန်းတည် ခုနစ်ဌာန ဆုံဆည်းရာ ဘူမိနက်သန်ဆိုတာ သတိပြုမိမှာ မဟုတ်။

Xxxxxxxxxxxxxxxxxxxxxxxxx

““ဂါထာနတ်ရုပ်၊ အင်းမြှုပ်အင်းနှံ၊ စီမံပယောဂ၊တလကုမ္ဘ၊ ရာ့နှစ်ဆယ် ဝင်၊ လေးခွင်လေးထောင့်၊ ဂြိုဟ်နတ်စောင့်နှင့်၊ မြို့စောင့်နတ်ဂူ၊ ဆူဆူများစွာ၊ မြို့အင်္ဂါလည်း၊ ဖွယ်ရာမကြွင်း”” ဟူသော မဃဒေဝလာ အစီအမံအတိုင်း မန္တလေးမြို့တော်ကြီး စတင်တည်ထောင်စဉ် မြို့တော်လေးထောင့်တွင် ဆီအိုးကြီးများမြှုပ်နှံပြီးလေသောအခါ ခုနစ်ဌာနကို အုတ်စီခင်း၍ တံခါး(၁၂)ရပ် တိုင်ထူခဲ့သည်။

ခုနစ်ဌာနတွင် မဟာလောကမာရဇိန် စေတီတော်ပါ၏။ အတုလဝေယံကျောင်းတော် ပါရှိ၏။ မဟာလောကမာရဇိန် ဘွဲ့တော်ချီသော စေတီတော်ကြီးမှာ ၁၂၂၁-ခု၊ ကဆုန်လပြည့်ကျော် (၇)ရက်နေ့တွင် ရွှေမြို့တော်ကြီးနှင့်တစ်ပြိုင်နက် အုတ်စီခင်း စတင်တည်လုပ်ခဲ့ရာ ၁၂၂၄-ခု၊ ဝါဆိုလတွင် ပြီးစီး၍ဘလပြည့်ကျော် (၉) ရက်နေ့ နေ့တစ်ချက်တီးကျော် ငါးမောင်းအချိန်တွင် ရွှေထီးအထွတ်တင်လှူပြီး ကမ္ပည်းတပ်တော်မူခဲ့သည်။ ဘဝရှင် မင်းတုန်းမင်းတရားကြီး၏ကောင်းမှု ကုသိုလ်တော်ဖြစ်၏။ မြို့တော်သူ မြို့တော်သားတို့က ““ကုသိုလ်တော်ဘုရား”” ဟုခေါ်ဆိုခဲ့ကြသည်။ ဘုရားပရိဝုဏ်တွင် ပိဋကတ်ကျောက်စာတော်ပေါင်း (၇၂၉) ဆူရှိ၏။

မဟာအတုလဇယာ ရာမတိုက်တော်အတွင်းရှိ ““မဟာအတုလဝေယန်”” ကျောင်းတော်ကြီးမှာလည်း ရွှေမြို့တော်ကြီးနှင့် တစ်ပြိုင်နက် ပန္နက်ချလုပ်ဆောင်ခဲ့သည်မှ (၁၈)နှစ်အကြာ ၁၂၃၉-ခု၊ တန်ဆောင်မုန်း လပြည့်ကျော်(၁၀) ရက်နေ့တွင်မှ အပြောက်အမွှမ်းနှင့် လုပ်ဆောင်ပြီးပေသည်။ ဘုံ(၅)ဆင့်ရှိ၏။ ရွှေပိန်းချ ၏။ ကွန်းစင်တိုင် အမြင့်(၆၃)တောင်၊ တိုင်ပေါင်း (၂၄၆)တိုင်ဖြင့် ခမ်းနား၏။ မံဘုရားဆင်းတုတော်ကြီးတွင် ဥဏ္ဏလုံမွေးရှင်တော်ပြု၍ တပ်ဆင်ထားသော ရတီချိန်(၁၀၀)ကျော် မဟာစိန်ကလေးရှိ၏။ ၎င်းကျောင်းတော်ကြီးကို ယောအတွင်းဝန်မင်းကြီး ဆောက်လုပ်ခဲ့သည်။

ကုသိုလ်တော်၏ အနောက်ယွန်းယွန်းမှာ သုဓမ္မာဇရပ်တော်နှင့် ပဋ္ဌာန်းဟော ရွှေသိမ်တော်ရှိသည်။ သုဓမ္မာဇရပ်တော်က ရတနာပုံခေတ်၏ ထင်ရှားသော စာပြန်ပွဲများ ကျင်းပရာနေရာဖြစ်သည်။ သုဓမ္မာဇရပ်တော်နှင့် ပဋ္ဌာန်းဟောရွှေသိမ်တော်၏ မြောက်ယွန်းယွန်းမှာက ပိဋိကတ်တိုက်တော်ရှိသည်။ တောင်ဖက်မှာတော့ ၄၈ရပ်သော ပြာသာဒ်များနှင့် တာဝတိံသာက နတ်ဘုံနတ်နန်းတမျှ တင့်တယ်လှစွာသော ရွှေမြို့တော်ကြီးနှင့် ကျုံးတော် တည်ရှိပါ၏။

ရွှေမြို့တော်ကြီးနှင့်တစ်ပြိုင်နက် ပန္နက်ချ တည်တော်မူခဲ့သော ကုသိုလ်တာ်ဘုရား၏ အရှေ့မုခ်နှင့် အတုလဝေယန်ကျောင်းတော်ကြီး၏ အရှေ့မုခ်ကို ပျံ့ပျူးဖြောင့်စင်းသည့် မနီသရွတ်ကျံလမ်းနှင့် ဆက်သွယ်ပေးထားမှာ သေချာသည်။ ရှင်ဘုရင်ကောင်းမှုတော်များချည်းမို့ ထိုလမ်းပေါ်တွင် သဲဖြူခင်း ရာဇမတ်ကာ၊ ငှက်ပျောပင်တို့ စိုက်ထားပေမည်။ ပိုးဖဲကတ္တီပါ ရွှေချည် ငွေချည်ထိုး၊ မင်းခမ်းမင်းနားများ မကြာခဏကျင်းပပြုလုပ်ပေမည်။ မောင်းသံ တဟီဟီ၊ စည်တော်သံ တရွှန်းရွှန်းဖြင့် ဘုန်းမိုးသွန်းလောင်းတာ မကြာခဏ ဖြစ်ပေမည်။

ထို့အပြင် မဟာဝိဇယပုညကျောင်းတိုက်၊ ဝဇီရာ ရာမစိန်တုံးတိုက်၊ မတ္တရာတိုက်၊ သက်ပန်းတိုက်၊ မင်္ဂလာရာမမောင်းထောင်တိုက်၊ မဟာဝီဇယာရာမ ခင်မကန်တိုက်၊ရွှေကူတိုက်၊ တကောင်းတိုက်၊ မဟာဝိသုဒ္ဓါရာမ အင်းဂန်းတိုက်၊ မဟာဓမ္မိကာရာမစလင်းတိုက်၊ ဝိစိတ္တာရာမမာရ်အောင်တိုက်၊ ဆင်တဲတိုက်၊ လယ်ကိုင်းတိုက်၊ မက္ခရာတိုက်၊ ငါးဆူတိုက်၊ စည်ပုတ္တရာတိုက်၊ တွင်းကြီးတိုက်၊ စလင်းတိုက်သစ်၊ လှတွေတိုက်-စသည့် စိန်တုံးမိဖုရား၊လောင်းရှည်မိဖုရား၊ သက်ပန်းမိဖုရား၊ ရတနာဒေဝီနန်းမတော်မိဖုရားကြီး၊ အနောက်နန်းမိဖုရား၊ အလယ်နန်းရှင် ဆင်ဖြူမရှင်မိဖုရား၊ တောင်နန်းမတော် မိဖုရား၊ဒေဝီစုဖုရားကြီး၊ ရွှေဘိုမင်းမိဖုရားခေါင်ကြီးနှင့် သီပေါမင်းစုဖုရားလတ်တို့၏ ကုသိုလ်ကျောင်းတိုက်ကြီးများသည်လည်း ဘဝရှင်မင်းတရားကြီး၏ ကုသိုလ်တော်များနှင့် တစ်ဆက်တည်း အရှေ့အနောက် တန်းလျက် တည်ရှိသည်။

ထို့ကြောင့် မြို့တည်နန်းတည် ခုနစ်ဌာနအဝန်းအဝိုင်း၏ ဗဟိုချက်မ ဖြစ်သော ကုသိုလ်တော်၊ စန္ဒာမုနိနှင့် အတုမရှိဝန်းကျင် ကွင်းကျယ်ကွက်လပ်များကား ရွှေမြို့တော်သူရွှေမြို့တော်သားများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်တို့ လွတ်လပ်ပျော်ရွှင်စွာ သွားလာအနာယူကြသည့်နေရာ၊ ပွဲတော်ခင်းကျင်းရာနေရာများ အဖြစ် အစဉ်အဆက် တည်ရှိခဲ့ပါသည်။

ထိုနေရာများသည် ရွှေမြို့တော်ကြီး တည်သည်မှစ၍ အများပြည်သူတို့ စိတ်နှလုံး ချမ်းမြေ့စေရန် လွတ်လပ်စွာနေထိုင်ခွင့်ပေးခဲ့သည့် လူထုရင်ပြင်ကြီးဖြစ်ခဲ့သည် မဟုတ်လော..။ ကုန်လွန်ခဲ့သော နှစ်၃၀၀န်းကျင်ကာလ အထိ ဆိုပါတော့။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW