ဇွဲကပင်တောင်ပေါ်မှာ ပျောက်ဆုံးနေတဲ့ အမျိုးသမီးကို သေဆုံးလျက်ပြန်တွေ့

ဧပြီ ၊ ၁-၂၀၂၂
ND(VOM)

ကရင်ပြည်နယ် ၊ ဘားအံမြို့၊ ဇွဲကပင်တောင်မှာ မတ်လ ၃၀ ရက်နေ့ကတည်းက ဘုရားဖူးလာရင်း ပျောက်ဆုံးနေတဲ့ အမျိုးသမီးကို ဒီကနေ့မနက် ၈ နာရီခွဲမှာ သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဘားအံ)ကနေ သိရပါတယ်။

သေဆုံးသူ အမျိုးသမီးရဲ့ရုပ်အလောင်းကို ဇွဲကပင်တောင်တက်လမ်း အထက်ရေတံခွန်အကျော် ဘုရားလေးနားက မရမ်းပင်အောက်မှာ သစ်ရွက်တွေနဲ့ အသေအခြာဖုံးအုပ်ထားတဲ့ပုံစံနဲ့ တွေ့ရှိခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဘားအံ)က VOM ကိုပြောပါတယ်။

“ဒီနေ့မနက် ၇ နာရီခွဲလောက်မှာ ဘားအံမှာရှိတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ရဲတပ်ဖွဲ့နဲ့ လူမှုကူညီရေးအဖွဲ့တွေ ပူးပေါင်းပြီးရှာတာ အမျိုးသမီးရဲ့အလောင်းကိုတော့ သစ်ရွက်တွေနဲ့ သေသေခြာခြာကို ဖုံးထားတဲ့ပုံစံနဲ့တွေ့တယ်လို့ သတင်းရတယ်။ ခေါင်းမှာလည်း ထိခိုက်ဒဏ်ရာပါတယ်လို့ အကြောင်းကြားလာတယ်။ ရုပ်အလောင်းကိုတော့ ဆေးရုံကြီးကို ပို့ပြီး စစ်ဆေးမှုတွေပြုလုပ်ပြီးမှ ဘာဖြစ်တယ်ဆိုတာ အတည်ပြုလို့ရမယ်ဗျ။ အခု သူတို့ တောင်ပေါ်ကနေ ဆင်းဖို့ ပြင်ဆင်နေကြပြီ”လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဘားအံ)က VOM ကိုပြောပါတယ်။

သေဆုံးသူအမျိုးသမီးဟာ အသက် ၂၂အရွယ်ရှိ သင်္ချာဒုတိယနှစ်ကျောင်းသူ မဇာခြည်လှိုင်ဖြစ်ပြီး ဘားကပ်၊ တောကြီးကုန်းကျေးရွာမှာ နေထိုင်သူဖြစ်တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဘားအံ)ကနေ သိရပါတယ်။

ဇွဲကပင်တောင်ပေါ်မှာ၂၀၁၇ ခုနှစ်ကနေ၂၀၂၀ခုနှစ်အတွင်း နိူင်ငံခြားသား(၁)ဦး၊ တက္ကသိုလ်ကျောင်းသူ(၁)ဦးနဲ့ ကျောင်းသား(၁)ဦးတို့ ပြုတ်ကျသေဆုံးခဲ့တာလည်း ရှိခဲ့ပါတယ်။

ဇွဲကပင်တောင်ဟာ ကရင်ပြည်နယ်ရဲ့အမှတ်အသားတစ်ခုဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၂၃၇၂ ပေမြင့်ပြီး ဘားအံမြို့ရဲ့တောင်ဘက် ၇ မိုင်ခန့်အကွာ ခလောက်နို့ကျေးရွာအနီးမှာ တည်ရှိပါတယ်။

ဇွဲကပင်တောင်ကိုတက်ဖို့နဲ့ ဆင်းဖို့အတွက် နေရာနှစ်ခုကို ရွေးချယ်နိုင်ပြီး တစ်ခုမှာ ခလောက်နို့ကျေးရွာဝင်ပေါက်ဖြစ်ပြီး နောက်တစ်ခုမှာ လုံမဏ္ဏီဥယျာဉ်ဝင်ပေါက်ဖြစ်ကာ သံလွင်တံတားနဲ့ နီးတာကြောင့် ခရီးသွားတွေ အများဆုံးတက်ရောက်တဲ့ ဝင်ပေါက်ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဇွဲကပင်တောင် #ဘုရားဖူးအမျိုးသမီး #သေဆုံးလျှက်တွေ့

Related posts

Leave a Comment

VOM News

FREE
VIEW