ကံမမြို့မှာ အမျိုးသား(၁)ဦး မိုးကြိုးပစ်ခံရပြီးသေဆုံး

ဧပြီ ၂၀-၂၀၂၂
VOM (GG)

မကွေးတိုင်း၊ကံမမြို့နယ်မှာ အမျိုးသား(၁)ဦး မိုးကြိုးပစ်ခံရပြီးသေဆုံးမှု မနေ့ ဧပြီလ ၁၉ ရက်နေ့ကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

လေပြင်းတိုက်ခတ်ပြီး မိုးရွာချိန် သစ်ပင်အရိပ်ကိုဝင်ရောက်နားခိုချိန်မှာ သစ်ပင်ရော လူပါ မိုးကြိုးပစ်ခံ ရတာဖြစ်ကြောင်း၊ ပြင်ပဒဏ်ရာမရှိဘဲ လူခန္ဓာကိုယ်တစ်ခုလုံးမီးလောင်ကျွမ်းသွားတဲ့အနေအထားသာတွေ့ရှိရတယ်လို့ သိရပါတယ်။

“လေကြမ်းတိုက်ပြီး မိုးဖွဲနေတုန်း သစ်ပင်အောက်မှာနေတုန်း အပစ်ခံရတာ၊ သစ်ပင်ရော လူရောအပစ်ခံရတာ ၊မိုးက ဒီလောက်မဟုတ် လေနီကြမ်းပတ်မွှေပြီး၊မိုးဖွဲဖွဲမှာပစ်တာ၊လေကြမ်းတိုက်လျှပ်စီးမိုးကြိုးတွေများ တာ၊သူတို့ ပုညိုရွာလယ်ပြင်ကွင်းမှာပဲ အပစ်ခံရတာ”ဖြစ်တယ်လို့ ကံမမြိုနယ် ဒေသခံတဦးကပြောပါတယ်။

မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးသွားသူဟာ ကံမမြို့နယ်၊ပုညိုရွာသားဖြစ်ပြီး အသက်က ၃၉ နှစ်ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ မိုးကြိုးပစ်မှုကြောင့် ၂၀၁၉ခုနှစ်မှာ လူ ၁၃၃ဦးသေဆုံးခဲ့ပြီး ၅၂ ဦးဒဏ်ရာရရှိခဲ့ကာ ၊ ၂၀၂၀ ခုနှစ် ပထမနှစ်ဝက်မှာတော့ မိုးကြိုးပစ်မှုကြောင့် လူ ၆၂ ဦးသေဆုံးခဲ့ပြီး ၂၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါ တယ်။

မိုးကြိုကာလနဲ့ မိုးနှောင်းကာလဟာ မိုးကြိုးဘေးအန္တရာယ် ပိုမိုဖြစ်ပွားတတ်ပြီး မိုးကြိုးပစ်မှုမှာ မွန်းတည့် ၁၂ နာရီကနေ ညနေ ၆ နာရီအတွင်း အဖြစ်များဆုံး ရှိတဲ့အတွက် လျှပ်စီးလက်နေချိန် ဖုန်းအသုံးပြုခြင်းမလုပ်သင့်ကြောင်း မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။

မိုးကြိုးပစ်ခြင်းကနေ ကာကွယ်ဖို့အတွက် မိုးထစ်ချုန်းရွာသွန်းခြင်း၊ လျှပ်စီးလက်ခြင်းဖြစ်နေချိန် သံ/သတ္ထု ပစ္စည်းတွေကို လက်မှာ ကိုင်ထားခြင်း၊ သစ်ပင်၊ ဓါတ်တိုင်၊ သွပ်ဆူးကြိုးကာထားတဲ့ ခြံစည်းရိုးနဲ့ သံ/သတ္ထုပစ္စည်းတွေရဲ့အနီးအနားမှာ နေထိုင်ခြင်းကိုလည်းရှောင်ရှားရမယ်လို့ ပြောဆိုထားပါတယ်။

#voiceofmyanmar #VOM #ကံမ #မိုးကြိုးပစ် #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW