ဟုမ္မလင်းမြို့နယ် တင်းကျစ်ရွာက သက်တော်ရှည် ဘုန်းတော်ကြီး ပိုက်ဆံရိုက်လုခံရပြီး ပျံလွန်တော်မူ

ဧပြီ ၊ ၂၁-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ခန္တီးခရိုင် ၊ ဟုမ္မလင်းမြို့နယ် ၊ နောင်မိုးကျေးရွာအုပ်စု ၊ တင်းကျစ်ကျေးရွာ ၊ ရွာဦးဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေတဲ့ သက်တော်ရှည်ဘုန်းကြီးဟာ မနေ့ ဧပြီ ၂၀ ရက်နေ့လယ်ပိုင်းက ပိုက်ဆံရိုက်လုခံရတဲ့ ဒဏ်ရာကြောင့် ပျံလွန်တော်မူသွားပြီဖြစ်တယ်လို့ နောင်မိုးရွာခံတွေဆီက သိရပါတယ်။

” အမည်မသိ လူ ၂ ယောက်က ကျောင်းထဲဝင်လာပြီး ဘုန်းတော်ကြီး ဉူးဩတိဏ္ဏ၊ သက်တော်(၈၄) နှစ်၊ ဝါတော်(၆၄)ဝါရဲ့ ဦးခေါင်းကိုရိုက်နှက်ပြီး ဘုန်းကြီး ပိုက်ဆံ ၇ သိန်းလုယူခံရတာ ဖြစ်တယ် ၊ အဲ့ဒီ ဒဏ်ရာနဲ့ ဘုန်းတော်ကြီး ပျံတော်မူရတာ “လို့ တင်းကျစ်ကျေးရွာခံတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်တွင်း ဧပြီ ၁၃ ရက် နေ့လယ်၂ နာရီ ဝန်းကျင်မှာ တင်းကျစ်ရွာသားတချို့က ဥပုသ်သီလယူဖို့ ဘုန်းကြီးကျောင်းကို သွားတဲ့အခါ ဘုန်းကြီးက သွေးအိုင်ထဲမှာ လဲနေတဲ့အတွက် ရွာသားတွေက ဘုန်းကြီးကို ဆေးရုံပို့ဆောင်ကာ ဆေးကုသပေးခဲ့ရတယ်လို့ သိရပါတယ်။

ဘုန်းကြီးကျောင်းမှာ ဝေယျဝစ္စလုပ်ကိုင်ပေးနေတဲ့ သူတယောက်က “ဧပြီ ၁၄ ရက် မနက် ၉ နာရီမှာ ဆရာတော်က သတိပြန်ရလာတယ် ၊ ဆရာတော်ပြောတာက အမည်မသိ လူ ၂ ယောက်က ပိုက်ဆံတောင်းတယ် ၊ မရှိဘူးပြောလို့ အခုလို ရိုက်နှက်ခဲ့တာ ဖြစ်တယ် “လို့ ပြောပါတယ်။

ဆရာတော်ကြီးဟာ ပိုက်ဆံ ရိုက်လုခံရတဲ့ ဒဏ်ရာကြောင့် မနေ့က နေ့လယ်ပိုင်းမှာ ပျံတော်မူသွားတာဖြစ်တယ်လို့ တင်းကျစ်ရွာခံတွေက ပြောပါတယ်။

ဖြစ်စဥ်နဲ့ ပတ်သက်လို့ ဟုမ္မလင်းမြို့နယ် ရဲတပ်ဖွဲ့က အမှုဖွင့် အရေးယူနေတယ်လို့လည်း ရဲအသိုင်းအဝိုင်းကနေ သိရပါတယ်။

ဟုမ္မလင်းမြို့နယ်က ကျေးလက်ဘုန်းကြီးကျောင်းတွေမှာ ဝါဆိုသံဃာ စာရင်းတွေအရ ပိုက်ဆံရိုက်လုခံရပြီး ပျံတော်မူသွားတဲ့ ဘုန်ကြီးဟာ သက်တော်အရှည်ဆုံးနဲ့ ဝါတော်အများဆုံးဖြစ်တယ်လို့ ဟုမ္မလင်းနယ်ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ဟုမ္မလင်း #သက်တော်ရှည်ဘုန်းကြီး #ပိုက်ဆံလုခံရ #ပျံလွန်တော်မူ

Related posts

Leave a Comment

VOM News

FREE
VIEW