စစ်ကိုင်းတိုင်းက မြစ်ချောင်း၊အင်းအိုင်အတွင်း လူသေ ရုပ်အလောင်းတွေ့ရှိရမှု များပြားလာ

ဧပြီ ၊ ၂၄-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်းက မြစ်ချောင်း၊အင်းအိုင်းနဲ့ မူးရေပေးတဲ့ မြောင်းလက်တံတွေထဲမှာ လူသေရုပ်အလောင်းတွေ မကြာခဏ မျှောပါလာတဲ့အတွက် နယ်မြေခံ လူမှုကူညီရေးအသင်းတွေက ဆယ်ယူသင်္ဂြိုဟ်ပေးနေရတယ်လို့ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။

” အခု ဧပြီ ၁ လထဲမှာ ရေထဲက ဆယ်ယူသင်္ဂြိုဟ်ပေးရတဲ့ ရုပ်အလောင်းပေါင်း ဒါဇင်နဲ့ချီပြီး ရှိနေတာပါ ၊ သာမန် ရေနစ်သေဆုံးတဲ့ လက္ခဏာနဲ့ တွေ့ရတဲ့ ရုပ်အလောင်းတွေရှိသလို ၊ ဒဏ်ရာဒဏ်ချက်တွေနဲ့ သေဆုံး ရုပ်အလောင်းတွေလည်းပါတယ်၊ တချို့ ရုပ်အလောင်းဆိုရင် ဦးခေါင်းပြတ်တွေပါ တွေ့ရတယ် ” လို့ ရွှေဘိုမြို့ခံ လူမှုကူညီရေးအသင်းသားတယောက်က ပြောပါတယ်။

မနေ့ ဧပြီ၂၃ ရက် နေ့လယ်ပိုင်းက မြင်းမူမြို့နယ် ၊ ပျော့ရွာအနီးက မူးမြစ်ထဲမှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ သေဆုံးပုတ်ပွနေတဲ့ အမျိုးသား ရုပ်အလောင်း ၁ လောင်း တွေ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရေဦးမြို့နယ်ထဲက မူးရေပေးဝေတဲ့ မြောင်းလက်တံထဲမှာလည်း အလားတူ ဒဏ်ရာဒဏ်ချက်တွေနဲ့ သေဆုံးပုတ်ပွနေတဲ့ အမျိုးသား ရုပ်အလောင်း ၁ လောင်းတွေ့ရတယ်လို့ နယ်ခံပရဟိတသမားတွေဆီက သိရပါတယ်။

ဒါ့အပြင် အခုလ ၂၂ ရက် ညနေပိုင်းက ရွှေဘိုမြို့ ၊ တောင်တံခါး မူးမြောင်းလက်တံထဲမှာ အမျိုးသမီး ၁ ဦး အပါအဝင် ဦးခေါင်းပိုင်း ပြတ်တောက်နေတဲ့ ရုပ်အလောင်း ၃ လောင်း မျှောပါလာတာကြောင့် နယ်ခံ ပရဟိတသမားတွေက လိုက်လံဆယ်ယူသင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းမှာ ရေမျှောရင်း ပါလာတဲ့လူသေအလောင်းတွေနဲ့ ပက်သတ်ပြီး အခု ဧပြီလအတွင်း ၁ ဒါဇင်ကျော်ကာ တွေ့ရလေ့အများဆုံးနယ်ကတော့ ရွှေဘိုခရိုင်ထဲက ရွှေဘို ၊ ရေဦး ၊ ခင်ဦး ၊ တန့်ဆည် ၊ ဒီပဲယင်း နဲ့ ဝက်လက် စတဲ့ မြို့နယ်တွေဘက်မှာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလို ရေမျှော ရုပ်အလောင်းတွေဟာ ဘယ်သူ ဘယ်ဝါတွေဖြစ်တယ် ၊ ဘာကြောင့် သေဆုံးရတယ်ဆိုတာကိုတော့ VOM အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။

ဓာတ်ပုံ ၊ ပုညကုသလလူမှုကူညီရေးအသင်း (ရေဦး)
#voiceofmyanmar #VOM #စစ်ကိုင်း #ရေမျှောအလောင်း

Related posts

Leave a Comment

VOM News

FREE
VIEW