ချောင်းဦး – အမြင့် ကားလမ်းမှာ အသတ်ခံထားရတဲ့ လူသေ ရုပ်အလောင်း ၁ ဒါဇင်ကျော်တွေ့

မေ ၂-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ ချောင်းဦး – အမြင့်ကားလမ်းမှာ မနေ့က မနက်ပိုင်း လူသေရုပ်အလောင်း ၁ ဒါဇင်ကျော် တွေ့ရတဲ့အတွက် ကောင်းမွန်စွာ သင်္ဂြိုဟ်နိုင်ရေး နယ်ခံပရဟိတသမားတွေက ဝိုင်းဝန်းလုပ်ကိုင်ပေးခဲ့ရတယ်လို့ လူမှုကူညီရေးအဝန်းအဝိုင်းဆီက သိရပါတယ်။

” သေဆုံးနေတဲ့ ရုပ်အလောင်း ၁၃ လောင်းတွေ့ရတယ် ၊ သေဆုံးသူတွေဟာ ချောင်းဦးမြို့နယ် ၊ ကင်မွန်းတော်ရွာက လူတွေဖြစ်တယ် ၊ အမျိုးသား ရုပ်အလောင်း ၈ လောင်းနဲ့ အမျိုးသမီး ရုပ်အလောင်း ၅ လောင်း ” လို့ နယ်ခံစေတနာ့ဝန်ထမ်းတယောက်က ပြောပါတယ်။

အဲ့ဒီ တွေ့ရတယ်ဆိုတဲ့ ရုပ်အလောင်းတွေနဲ့ ပတ်သက်ပြီး နယ်ခံလူမှုကူညီရေးအဖွဲ့တွေရဲ့ စာရင်းမှတ်တမ်းတွေအရ သေဆုံးနေသူတွေဟာ ချောင်းဦးမြို့နယ် ၊ ကင်မွန်းတော်ရွာမှာနေတဲ့ အသက်၅၀နီးပါးကနေ ၁၉နှစ်အရွယ်တွေဖြစ်တယ်လို့ သိရပါတယ်။

” သူတို့ ၁၃ ယောက်လုံးက ကင်မွန်းတော်က လူတွေဖြစ်ကြပြီး မနေ့က မနက်အစောပိုင်းမှာ အမြင့်စျေးကို စျေးဝယ်သွားရင်း အသတ်ခံရတာ “လို့ နယ်ခံ တစ်ယောက်က ပြောပါတယ်။

အဲ့ဒီ လူသေရုပ်အလောင်း ၁၃ လောင်း တွေ့ရတာနဲ့ ပတ်သက်ပြီး ချောင်းဦးမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်နေတယ်လို့ သိရပေမယ့် ဘယ်သူတွေကို အမှုဖွင့်အရေးယူတယ်ဆိုတာကိုတော့ VOM က သီးခြားအတည်မပြုပါဘူး။

ဒါ့အပြင် မနေ့က မနက်ပိုင်းကလည်း စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့နယ် ၊ ပဒတ္ထိုင်းကျေးရွာ ရဲ့ သုဿန်မှာ အသတ်ခံထားရတဲ့ လူသေရုပ်အလောင်း ၉ လောင်း တွေ့ရတဲ့ ဖြစ်စဥ်တစ်ခု ပေါ်ပေါက်ခဲ့ပါသေးတယ်။

အဲ့ဒါကြောင့် မနေ့က မနက်တခုထဲမှာ စစ်ကိုင်းတိုင်းမှာ အသတ်ခံထားရတဲ့ လူသေရုပ်အလောင်း ၂၂ လောင်းကို နှစ်နေရာခွဲပြီး တွေ့ခဲ့ရတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ချောင်းဦး #လူသေအလောင်းတွေတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW