၁နှစ်ကျော်အတွင်း တနိုင်ငံလုံးမှာ နေအိမ်၁၁၀၀၀ကျော် မီးရှို့ခံရတယ်လို့ Data Myanmarထုတ်ပြန်

မေ ၂-၂၀၂၂
VOM (GG)

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ အချိန်ကာလ ၁ နှစ်နဲ့ ၂လအတွင်း တနိုင်ငံလုံးအတိုင်းအတာ မီးရှို့ ဖျက်ဆီးခံရတဲ့နေအိမ်ပေါင်း ၁၁၄၁၇ လုံးရှိခဲ့တယ်လို့ နေအိမ်မီးရှို့ခံရမှုတွေနဲ့ ဆက်စပ်တဲ့ထိခိုက်ဆုံးရှုံးမှုတွေကို လေ့လာမှတ်တမ်းတင်နေတဲ့ Data for Myanmar အဖွဲ့ကထုတ်ပြန်ပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက နေရာပေါင်း ၂၉၆ နေရာက နေအိမ်တွေမီးရှို့ခံခဲ့ရတာဖြစ်ပြီး ၊ နေအိမ်အများဆုံးမီးရှို့ခံဖျက်ဆီးခံရတာက စစ်ကိုင်းတိုင်းဖြစ်ပြီး ဒုတိယနေအိမ် မီးရှို့ခံရတာက မကွေးတိုင်းဖြစ်တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။

” ရွာလုံးကျွတ်မီးရှို့ခံရတာတွေ စစ်ကိုင်းက အများဆုံးပဲ။စစ်ဘေးရှောင်လည်း အများဆုံးပါပဲ။တိုက်ပွဲတွေဖြစ်လို့ နေအိမ်တွေစွန့်ပြေးရတယ်၊အနောက်မှာ အိမ်တွေက မီးထဲပါသွားတယ်၊စစ်ပြီးရင်တောင် ပြန်စရာအိမ်မရှိတာတွေ အများကြီးဖြစ်နေပါပြီ ” လို့ စစ်ကိုင်းဒေသခံတဦးကပြောပါတယ်။

နေအိမ်မီးရှို့ခံရမှု ဒုတိယအများဆုံးဖြစ်တဲ့ မကွေးတိုင်းမှာလည်း နေအိမ်ပေါင်း ၉၅၁ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အဲဒီထဲမှာ ပေါက်မြို့နယ်ထဲက ကျေးရွာတွေမှာနေအိမ် ၇၄၈ လုံး နဲ့အများဆုံးမီးရှို့ခံခဲ့ရတယ်လို့ Data for Myanmar ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ တိုက်ပွဲသတင်းတွေနဲ့ နေအိမ်မီးရှို့ခံရတဲ့ သတင်းတွေကို ရက်အလိုက်၊ ဖြစ်စဉ်အလိုက် ပြန်စီပြီးတော့ ရေတွက်ထားတာဖြစ်ပြီး သတင်းဌာနတစ်ခုချင်းစီက မတူညီတဲ့ အရေအတွက်တွေကို cross-check လုပ်ကာ စိစစ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံ လူအခွင့်အရေးအဖွဲ့တွေနဲ့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အဖွဲ့တွေက ထုတ်ပြန်တဲ့ စာရင်းတွေကို အခြေခံထားပြီး မပြည့်စုံတဲ့ အချက်အလက်တွေ ချန်ထားခဲ့ရတာကြောင့် မြေပြင်အရေအတွက်က ပိုများနိုင်တယ်လို့ Data for Myanmar ကထုတ်ပြန်ထားတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #တနိုင်ငံလုံး #မီးရှို့ခံရတဲ့စာရင်း #DataMyanmar

Related posts

✕
VOM News

FREE
VIEW