ဖားကန့်မှာ ကုမ္မဏီလုပ်ကွက်ဟောင်း မြေစာပုံပြိုကျလို့ လူ ၂ ဦးသေဆုံး

မေ ၊ ၆-၂၀၂၂
SP (VOM)

ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် ၊ နမ့်မှော်ကျေးရွာနားက ကျောက်မျက်တူးဖော်ရေး ကုမ္မဏီလုပ်ကွက်ဟောင်းတခုမှာ ဒီကနေ့မနက် ၈ နာရီဝန်းကျင်က မြေစာပုံပြိုကျခဲ့တဲ့အတွက် လူ ၂ ဦး သေဆုံးခဲ့တဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ် ။

” ဒိမနက်ဖြစ်တာက နမ့်မှော်ရွာနားက ရတနာစန်းရွှင် ကုမ္မဏီလုပ်ကွက်ဟောင်း မြေစာပုံပြိုကျတာပါ ၊ ရေမဆေး ကျောက်ရှာတဲ့ လူ ၂ ယောက် မြေစာပိပြီး သေဆုံးတယ်”လို့ သွားရောက်ကူညီပေးခဲ့တဲ့ နယ်ခံပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ရုပ်အလောင်းတွေကို ရှာဖွေကယ်ဆယ်ပြီးနောက်ပိုင်း ဖားကန့်ဆေးရုံကို ပို့ဆောင်ပေးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

မနေ့ မေ ၅ ရက် မနက်ပိုင်း ၆ နာရီဝန်းကျင်ကလည်း အဲ့ဒီ နမ့်မှော်ရွာနားက ဂျိတ်ပါဝါ ကုမ္မဏီ မြေစာပုံပြိုကျမှု ဖြစ်ပွားခဲ့ပါသေးတယ်။

အဲ့ဒီ မြေစာပြိုကျတဲ့အခါ အမြင့်ပေ ၂ ရာလောက်က ပြိုကျတာဖြစ်ပြီး အင်းထဲမှာ ရေးမဆေးကျောက် ရှာနေသူတစ်ချို့ ဒဏ်ရာရတာတွေ ဖြစ်ခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ် ။

” မနေ့က မနက်ပိုင်းမှာလည်း မြေစာပုံပြိုကျတာဖြစ်တယ် ၊ ဒဏ်ရာရသူ လူ ၆ ဦးရှိတယ် ၊ ၄ ဦးကတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက် မြစ်ကြီးနားက ပြည်နယ်ဆေးရုံကို ပို့ပေးရတယ် ၊ ကျန်လူ ၂ ယောက်ကတော့ ဖားကန့်ဆေးရုံမှာ လက်ရှိတင်ထားတယ် ” လို့ ကူညီပေးနေတဲ့ စေတနာ့ဝန်ထမ်းတယောက်က ပြောပါတယ်။

ဖားကန့်နယ်မှာ မကြာခဏဆိုသလို မြေစာပုံပြိုကျတဲ့ ဖြစ်စဥ်တွေ ဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့တဲ့၂၀၂၁ ဒီဇင်ဘာ ၂၂ ရက်ကလည်း မှော်စီစာမှာ ကုမ္မဏီလုပ်ကွက်ဟောင်း မြေစာပုံပြိုကျတဲ့အတွက် လူ ၈၀ ထက်မနည်း ပျောက်ဆုံးတာတွေ ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ဖားကန့် #လုပ်ကွက်ဟောင်း #မြေစာပုံပြိုကျ #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW